ကွန်မြူနတီဒိုင်းလုပွဲတွင် မန်ယူအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်စီးတီးအသင်း ဒိုင်းဆုဆွတ်ခူး

 

ကွန်မြူနတီဒိုင်းလုပွဲတွင် မန်ယူအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး မန်စီးတီးအသင်း ဒိုင်းဆုဆွတ်ခူး

 

မန်ချက်စတာ   ဩဂုတ်  ၁၀

    ကွန်မြူနတီဒိုင်းလုပွဲအဖြစ်    မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းက  ပယ်နယ်တီအဆုံးအဖြတ်ဖြင့်   အနိုင်ရရှိခဲ့ပြီး  ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ကွန်မြူနတီဒိုင်းလုပွဲကို    ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိသည့် အသင်းနှင့် အက်ဖ်အေဖလား ချန်ပီယံဆုရရှိသည့် အသင်းတို့   ကစားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်းက    ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် မန်ယူအသင်းက အက်ဖ်အေဖလား ချန်ပီယံဆုတို့ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကွန်မြူနတီဒိုင်းလုပွဲတွင်မန်စီးတီး အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မန်ယူအသင်းက တန်ပြန်တိုက်စစ်များမှ တစ်ဆင့် ဂိုးသွင်းခွင့်များ ရရှိခဲ့သည့်တိုင် တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် မန်ယူအသင်းက ပြန်လည်တိုက်စစ်ဆင် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၂ မိနစ်တွင် လူစားဝင်ကစားသမား ဂါနာချိုက မန်ယူအသင်း အတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း    ပွဲချိန်   ၈၉  မိနစ်တွင် ဘာနာဒိုဆေးဗားက  ချေပဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် တစ်ဂိုးစီ  သရေရလဒ်  ထွက်ပေါ်ခဲ့သည့်အတွက်  ပယ်နယ်တီ အဆုံးအဖြတ် ကစားခဲ့ရသည်။

ပယ်နယ်တီအဆုံးအဖြတ် ကစားခဲ့ရာတွင်လည်း မန်စီးတီးအသင်းမှ ဘာနာဒိုဆေးဗား   တစ်ဦးတည်းသာ  ပယ်နယ်တီလွဲချော်ခဲ့ပြီး မန်ယူအသင်းမှ   ဆန်ချိုနှင့် အီဗန်တို့ ပယ်နယ်တီလွဲချော်ခဲ့သည့် အတွက် မန်စီးတီးအသင်းက ၇ ဂိုး ၆ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် မန်ယူအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်တွင် သုံးကြိမ်ဆက်ဒိုင်းဆုနှင့် လွဲချော်ခဲ့သည့်   မှတ်တမ်းဆိုးတစ်ရပ်ကို ချေဖျက်ခဲ့ပြီး ခုနစ်ကြိမ်မြောက် ကွန်မြူနတီဒိုင်းဆုကို   ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းသည်လည်း ကွန်မြူနတီဒိုင်းလုပွဲတွင်  မန်စီးတီးအသင်းကို  ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း   သိရသည်။                          

Dates: 
Sunday, August 11, 2024 - 18:13