၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရရှိပြီး စပိန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

 

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်အသင်းကို အနိုင်ရရှိပြီး စပိန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

 

ပဲရစ်   ဩဂုတ်  ၁၀

    ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြင်သစ်အသင်းနှင့် စပိန်အသင်းတို့ ကစားခဲ့ရာ စပိန်အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမား အစုံအလင်ဖြင့်  ပွဲထွက်လာခဲ့ပြီး   ပွဲချိန် ၁၁  မိနစ်တွင် မီလော့က ပြင်သစ်အသင်းအတွက်   ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၁၈ မိနစ်နှင့် ပွဲချိန် ၂၅ မိနစ်တွင် လိုပက်ဇ်က စပိန်အသင်းအတွက် ချေပဂိုးနှင့် ဦး‌ဆောင်ဂိုး သွင်းယူနိုင်ခဲ့သကဲ့သို့ ပွဲချိန် ၂၈ မိနစ်တွင် ဘာအီနာက တတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် စပိန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ချေပဂိုးများ လိုအပ်နေသည့် ပြင်သစ်အသင်းက ပြန်လည် ဖိအားပေးကစားခဲ့ကာ ပွဲချိန် ၇၉ မိနစ်တွင် အိုလီဆီနှင့် ပွဲချိန် မိနစ်၉၀ အပြီး အချိန်ပို ၃ မိနစ်တွင် မာတီတာ က ပယ်နယ်တီမှတစ်ဆင့် ပြင်သစ်အသင်းအတွက် ချေပဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားခဲ့ရာတွင် ပွဲချိန် ၁၀၀ မိနစ်နှင့် ပွဲချိန် ၁၂၁ မိနစ်တို့တွင် ကာမယ်လိုက စပိန်အသင်းအတွက်  ဦးဆောင်ဂိုးများ  သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် စပိန်အသင်းက  ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို   စပိန်အသင်းက လည်းကောင်း၊ ငွေတံဆိပ်ဆုကို ပြင်သစ်အသင်းက လည်းကောင်း၊ ကြေးတံဆိပ်ကို မော်ရိုကိုအသင်းက လည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမားဆုကို မော်ရိုကိုအသင်းမှ ရာဟီမီက သွင်းဂိုး ရှစ်ဂိုးဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

စပိန်အသင်းသည်  ပြီးခဲ့သည့်  ၁၉၉၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး  နောက်ပိုင်းတွင်   ယခုအခါမှသာ ရွှေတံဆိပ်ကိုပြန်လည် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Dates: 
Sunday, August 11, 2024 - 18:17