ဘောလုံးလောကနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ဖီအိုရင်တီးနား အသင်းနှင့်အတူ ဂိုးသမားဒီဂီယာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်
ရောမ ဩဂုတ် ၁ဝ
ဂိုးသမား ဒီဂီယာသည် ဘောလုံးလောကနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် ယခုအခါ အီတလီစီးရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းနှင့်အတူ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် ဂိုးသမား ဒီဂီယာသည် ၂ဝ၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကို အသင်းမှ ပရီးမီးယား လိဂ်ကလပ် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် မန်ယူအသင်း၌ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့သည်။ အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး အဓိကဂိုးသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ကာ ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သော်လည်း ၂ဝ၂၃ ခုနှစ် ဇွန်လက မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့ပြီး တစ်နှစ်ကျော်ကြာ ကလပ်အသင်း လက်မဲ့ဖြစ်နေသည်။
မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် တစ်နှစ်ကျော်ကြာ ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် ဂိုးသမား ဒီဂီယာကို ၂ဝ၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလနှင့် ပြီးခဲ့သည့် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတို့တွင် ဆော်ဒီထိပ်တန်းကလပ် အသင်းများက မြင့်မားသည့်လုပ်ခလစာဖြင့် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ဒီဂီယာ ကိုယ်တိုင်က ဥရောပမှ ကလပ်အသင်း တစ်သင်း၌သာ ကစားလိုသည့်အတွက် ကမ်းလှမ်းမှုများကို ပယ်ချခဲ့ခြင်းဖြစ်သည်။
လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်လည်း ဂိုးသမားဒီဂီယာကို စပိန်ကလပ်အသင်းတချို့နှင့် ဂျီနိုအာအသင်းတို့က ပြီးခဲ့သည့် ဇူလိုင်လက တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည့် အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ဒီဂီယာကိုခေါ်ယူရန် တရားဝင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာမှ လက်ရှိတွင် တစ်နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့သည့်အပြင် နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ဆေးစစ်မှုပင် အောင်မြင်ခဲ့ကြောင်း သိရသည်။