လက်ဆင့်ကမ်းတာဝန်ကျေ တို့ဘိုးဘွားအမွေ

 

လက်ဆင့်ကမ်းတာဝန်ကျေ တို့ဘိုးဘွားအမွေ

 

    "ကမ္ဘာမကျေ မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့  ချစ်မြတ်နိုးပေ" ဟူ၍ အမိမြန်မာနိုင်ငံတော် သီချင်းလေးကို    ကျွန်တော်တို့မြန်မာ တစ်မျိုးသားလုံး ငယ်စဉ်တောင်ကျေး        ကျောင်းသားဘဝကပင် ဟစ်ကြွေးသီဆိုခဲ့ဖူးကြပါသည်။ သို့ရာတွင် သီချင်းမှာပါရှိသော   ဘိုးဘွားအမွေစစ်စကား၏ အနက်အဓိပ္ပာယ်ကို နက်ရှိုင်းစွာမတွေးခဲ့၊ မစဉ်းစားခဲ့ဘူးပါ။ ယနေ့ချိန်ခါ ဘိုးဘွားအမွေစစ် အကြောင်းကို ကျွန်တော်တို့တစ်တွေ ကျယ်ကျယ်ပြန့်ပြန့် နက်ရှိုင်းစွာ ပြန်လည်သုံးသပ်မိဖို့ လိုသည်။   ဘိုးဘွားအမွေကို တန်ဖိုးထားမြတ်နိုးတတ်ရန်  အရေးကြီးအချိန်ကို ရောက်ရှိလာပြီဖြစ်သည်။

"ဒါတို့ပြည်၊    ဒါတို့မြေတို့ပိုင်နက်မြေ"   ဟူ၍ နိုင်ငံတော် သီချင်းတွင်ပါရှိသည်။   ကျွန်တော်တို့ ဘိုးဘွားများ၏   ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော      အမွေပင်ဖြစ်သည်။   ထိုအမွေသည် " မြန်မာပြည်"ပင်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေ လက်ရှိနေထိုင်သော  အမိမြန်မာပြည်ကြီးသည် ကျွန်တော်တို့ဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေးများစွာစတေးပြီး ရယူပေးခဲ့သော နိုင်ငံတော်ပင်ဖြစ်သည်။ ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက်  မိမိတို့၏ အသက်ကိုမငဲ့ကွက်ဘဲ ကာကွယ်စောင့်ရှောက်၍ လက်ဆင့်ကမ်းပေးခဲ့သော အမွေကို ကျွန်တော်တို့တစ်တွေ တန်ဖိုးထား ထိန်းသိမ်း ကာကွယ်ဖို့လိုသည်။

ဘိုးဘွားများ၏ ကျေးဇူးတရားကို သိရှိနားလည်ပြီး ကိုယ့်ပိုင်နက်မြေကို  မြူတစ်မှုန်၊ နှင်းတစ်စက်၊ ဆံချည်တစ်မျှင်မျှပင်  အဆုံးရှုံးမခံနိုင်၊  အရေးကြီးလျှင် သွေးစည်းညီညွတ်ရမယ့် တာဝန်က ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး၏ တာဝန်ပင်ဖြစ်သည်။

သို့မှသာ ဘိုးဘွားများ၏ကျေးဇူးတရားကို စောင့်သိရိုသေ တန်ဖိုးထားနိုင်သော လူတော်လူကောင်းများပင် ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့တစ်တွေသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနှင့် ကမ္ဘာ့အလယ်မှာ မြန်မာဟုဝင့်ထည်စွာ နေထိုင်သော လူမျိုးဖြစ်သည်။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော နိုင်ငံခေါင်းဆောင်များ၏ လက်ရုံးရည်၊  နှလုံးရည်ပြည့်ဝမှု၊  ဉာဏ်အမြော်အမြင်ရှိမှုတို့ကြောင့် ခေတ်အဆက်ဆက်  ကမ္ဘာ့သမိုင်းနှင့်အတူ မြန်မာ့သမိုင်းသည် ထာဝရတည်ရှိနေခြင်း ဖြစ်သည်။ ထိုသို့တည်ရှိနိုင်အောင် မြန်မာဘိုးဘွားများ၊ နိုင်ငံ့ခေါင်းဆောင်များ မည်သို့မည်ပုံကြိုးစား အားထုတ်ခဲ့ရသည်ကို  ပြန်ပြောင်းအောက်မေ့ဖွယ်ဖြစ်သည်။

အေဒီ ၁၀၄၄ - ၁၀၇၇

      ပုဂံခေတ်၌ ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာမင်းစောသည် အသိပညာရှင် အတတ်ပညာရှင်တို့ကို ပြုစုပျိုးထောင်ခဲ့သည်။

နိုင်ငံတော်ကို   အေးချမ်းစည်ပင်ဝပြောအောင် လုပ်ဆောင်ခဲ့သည်။ ပြည်သူပြည်သားများ ယုံကြည်ကိုးကွယ်မှု မလွဲမှားစေရန် ဆောင်ရွက်ခဲ့သည်။

ကိုးကွယ်မှုနှင့်အတူ ယဉ်ကျေးမှုအဖြာဖြာကို  သာသနာနှင့်ဒွန်တွဲ ထွန်းကားစေခဲ့သည်။ ပြည်သူပြည်သားတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပျော်ရွှင်ရေးအစရှိသော ကိစ္စအဝဝတို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အနာဂတ်အတွက် နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်နိုင်ရန်  အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်၍ စွမ်းရည်ထက်မြက်သော မျိုးချစ်တပ်မတော်ကို ထူထောင်ခဲ့သည်။ တိုင်းပြည်ကို အေးချမ်းသာယာ ဝပြောအောင် လုပ်ဆောင်ခဲ့သည်။ လယ်သစ်တည်၍ ကျီသစ်ဆောက်ခဲ့သည်။ တပ်မတော် ဖွဲ့စည်းခြင်းကို သိရှိနားလည်ခဲ့ပြီး စစ်ပညာကိုကျွမ်းကျင်စွာ   တတ်မြောက်ခဲ့သည်။

စစ်သည်ရဲမက်များကို  အချိန်နှင့်တစ်ပြေးညီ စုဆောင်းနိုင်ရန်အတွက်  ထောင်ပြုမြို့၊  ရာပြုမြို့၊ ဆယ်ပြုမြို့များ စနစ်တကျ တည်ဆောက်ခဲ့သည်။ ထို့ကြောင့်ပင် အနော်ရထာမင်း လက်ထက်တွင် မြန်မာတို့၏ ဩဇာအာဏာသည် မာလာယုကျွန်း၊   ကမ္ဘောဒီးယား၊ တရုတ်ပြည်နယ်စပ်နှင့် ပဋိက္ကရားအထိ ပျံ့နှံ့သက်ရောက်ခဲ့သည်။

အေဒီ ၁၅၅၁ - ၁၅၈၁

    တောင်ငူခေတ်၌ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော ဘုရင့်နောင်မင်းကြီးသည် မြန်မာနိုင်ငံပြင်ပဖြစ်သော မဏိပူရ၊ ကသည်း၊ ရှမ်းကိုးပြည်၊ ဇင်းမယ်၊ လင်းဇင်းနှင့် ယိုးဒယားနိုင်ငံတို့ကို မြန်မာတို့၏ဩဇာခံအဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ထိုသို့ ဩဇာအာဏာ ကြီးထွားနိုင်ရန်အတွက် ဘုရင့်နောင်မင်းကြီးသည် စနစ်ကျသော တပ်မတော်တစ်ရပ်ကို ထူထောင်နိုင်ခဲ့သည်။ ဘုရင့်နောင်၏ တပ်မတော်တွင် ဆင်တပ်၊မြင်းတပ်၊  လှံတပ်နှင့် အမြောက်တပ်ဖွဲ့တို့သည် အရှေ့တောင်အာရှတွင် အင်အားအကြီးမားဆုံးနှင့် ဩဇာလွှမ်းမိုးမှုအရှိဆုံး တပ်မတော်ပင်ဖြစ်ခဲ့လေသည်။

 အေဒီ ၁၇၅၂ - ၁၇၆၀

    ကုန်းဘောင်ခေတ်၌ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော  အလောင်းမင်းတရားကြီး၏ လက်ထက်တွင်    အဆင့်အတန်းမြင့်မားသော တပ်မတော်ကို ထူထောင်ပြီး တိုင်းပြည်ကိုအရည်အသွေး မြင့်မားစေခဲ့သည်။ ပြည်သူတို့၏ စိတ်နှလုံးအေးချမ်းခဲ့ရသည်။ စီးပွားရေး၊ လူမှုရေးကိစ္စများလည်း အဆင်ပြေစေခဲ့ပြီး တစ်မျိုးသားလုံး မျိုးချစ်စိတ်ဓာတ်ရှင်သန်ခဲ့သည်။    အလောင်းမင်းတရားကြီး၏ တပ်မတော်တွင် ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ်နှင့် ရေတပ်များအပြင် မြင်းရည်တက် တပ်ဖွဲ့များကိုပါ ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။

ထို့ကြောင့် ကျွန်တော်တို့၏မြန်မာနိုင်ငံတော်သည် ခေတ်သုံးခေတ်၊ နိုင်ငံသုံးနိုင်ငံ၏ မင်းမြတ်သုံးပါးတို့နှင့်အတူ မျိုးချစ်စိတ် ရှင်သန်ထက်မြက်သော မြန်မာဘိုးဘွားတို့၏  လက်ဆင့်ကမ်းအမွေ ပေးခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။  နိုင်ငံသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သော မြန်မာ့တပ်မတော် သည်လည်း ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်  တိုင်းသိပြည်သိ ကမ္ဘာသိသော တပ်မတော်တစ်ရပ်ဖြစ်သည်။   အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် နိုင်ငံကိုကာကွယ်စောင့်ရှောက်ခဲ့သော ဘိုးဘွားတပ်မတော်သားများအား လေးစားဂုဏ်ယူဖွယ်ပင်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူအပေါင်းသည်    လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံကာ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်၍ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်ရှိမှသာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်မည်ဟု     ခိုင်ခိုင်မာမာ ယုံကြည်လာကြသည်။ ထို့ကြောင့်  ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော  မျိုးချစ်လူငယ်သုံးကျိပ် ပေါ်ပေါက်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ၁၉၄၂  ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့အမျိုးသား တပ်မတော် (BNA)၊ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင်  မျိုးချစ်ဗမာ့တပ်မတော် (PBF)အဖြစ်လည်း ကောင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းပြီး ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို  ပြန်လည်ရယူရန်ကြိုးစားခဲ့သည်။  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော  မြန်မာ့တပ်မတော်သား တို့သည် အသက်သွေးချွေးပေါင်း များစွာပေးဆပ်ပြီး  နယ်ချဲ့တို့အား   ရွပ်ရွပ်ချွံချွံ၊   ကျားကုတ်ကျားခဲ တွန်းလှန်တိုက်ခိုက်မှုတို့ကြောင့် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆုံးရှုံးခဲ့သော လွတ်လပ်ရေးနှင့်အတူ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော မြန်မာဘိုးဘွားတို့၏ အမွေကိုပြန်လည်ရယူပေးနိုင်ခဲ့သည်။  စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ် တည်ရှိခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။

 ယနေ့အချိန်အခါတွင် ကျွန်တော်တို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို သိရှိအောင် "ပြည်သူ့စစ်မှုထမ်းဥပဒေ" အတိုင်းလိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိပါသည်။  ထို့ကြောင့်  မြန်မာ့တပ်မတော်သို့   ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက်    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသက်ပြည့်ပြီးသူ မျိုးချစ်လူငယ်လေးများသည်  တိုင်းပြည်နှင့်လူမျိုးအတွက်၊  အမျိုးဘာသာ သာသနာအတွက်  ရဲဝံ့ပြောင်မြောက်သော သတ္တိသွေးတို့ဖြင့်  ဝင်ရောက်တာဝန် ထမ်းဆောင်နေခြင်းသည် အင်မတန်မှ ဂုဏ်ယူလေးစားဖွယ် ကောင်းလှပါ၏။     ဘိုးဘွားတို့၏ လက်ဆင့်ကမ်းအမွေကို ဆက်ခံမည့်  မျိုးချစ်လူငယ်လေးများ၏ ခိုင်ကျည်သော အားမာန်များပင်ဖြစ်သည်။ 

အချုပ်အားဖြင့်ဆိုရသော် သမိုင်းစဉ်ဆက် အသက်ပေး၍ ထူထောင်ခဲ့သော "အမိမြန်မာနိုင်ငံတော်သည်"   ကျွန်တော်တို့ဘိုးဘွားများ၏    တန်ဖိုးကြီးမားသော အမွေစစ်ပင်ဖြစ်ပါသည်။    ဘိုးဘွားတို့လက်ဆင့်ကမ်း အပ်နှင်းခဲ့သော   ကျွန်တော်တို့၏မြန်မာနိုင်ငံသည်  မည်သည့် အကြောင်းပြချက်နှင့်မှ ပြိုကွဲယိုင်လဲခြင်း အဖြစ်မခံနိုင်ပါ။    ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို   တာဝန်ရှိသူအဆင့်ဆင့်မှ       ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   နိုင်ငံတော်အစိုးရအနေဖြင့်   ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခြင်းနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။  ထိုသို့သော အကြောင်းတရားတို့သည် မိမိနိုင်ငံ၊   မိမိလူမျိုးကိုချစ်မြတ်နိုးသော  အမျိုးချစ်သူတို့၏ လုပ်ရပ်ပင်ဖြစ်သည်။     ထို့ပြင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအမွေကို  တာဝန်ကျေပွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းလည်းဖြစ်သည်။   

ထိုသို့သော  အသိတရားတို့နှင့်အတူ    ရင်၌ယိုဖိတ်စီးဆင်းလာသောကြည်နူးပီတိတို့ဖြင့်   နိုင်ငံတော်သီချင်းအား      လေးနက်စွာ    ရွတ်ဆိုနေမိပါတော့သည်။

" ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊

  ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်နက်မြေ။

  တို့ပြည်၊ တို့မြေ အကျိုးကို . . . .

  ညီညာစွာ တို့တစ်တွေ . . . .

  ထမ်းဆောင်ပါစို့လေ . . . .

  တို့တာဝန်ပေ

  အဖိုးတန်မြေ . . . "