ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ ဩဂုတ် - ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်ရှိသည့် နေရာများမှ ပဲခူးမြို့ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက် သို့ ယာယီရွှေ့ပြောင်းနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များမှ စုပေါင်း၍သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေး ကာ ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ သနပ်ပင်မြို့ နှင့် ကဝမြို့နယ်တို့ရှိ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား သီးခြားစီသွားရောက် တွေ့ဆုံရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုးစပါး ရေကြီးနစ်မြုပ်မှုများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူးတို့က မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ အသီးသီးထောက်ပံ့ပေးအပ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးမှုများကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။