လူငယ်များနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု အခန်းကဏ္ဍ

 

လူငယ်များနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု အခန်းကဏ္ဍ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊  ဩဂုတ်  ၁၂  ရက်)

ပညာတတ်နိုင်ငံသားများ အများဆုံးရှိသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေသည်။ ပညာတတ်နိုင်ငံသားများ ဆိုသည်မှာ အရည်အချင်းကို ဆိုလိုပြီး အများဆုံး ရှိသည်ဆိုသည်မှာ အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့နိုင်ငံတွင်လည်း အရေအတွက်ရော၊  အရည်အချင်းပါ ပြည့်စုံသည့်နိုင်ငံသားများ  အများအပြားရှိရန် လိုအပ်ပေသည်။

မိမိနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ယနေ့အချိန်အခါတွင် နည်းပညာဆိုင်ရာ စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသဖြင့် နိုင်ငံတိုင်းရှိ လူသားအရင်းအမြစ်များတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ရှိစေရေး များစွာလိုအပ်ပေသည်။ ၂ဝ၂၄  ခုနှစ်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့်ဖော်ဆောင်ပေး”  "From Clicks To Progress: Youth Digital Pathways For Sustainable Development" ဖြစ်သည်။

လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ Vienna မြို့၌  ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။  အဆိုပါဖိုရမ်မှ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ  ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂ဝ)ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။  

ယ‌ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်သည်  ဒစ်ဂျစ်တယ်နည်းပညာများဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏နည်းပညာ ကျွမ်းကျင်မှုများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့် အလုပ်အကိုင်များကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင် ဖန်တီးတတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်သူများ ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံတော်၏တာဝန်ကို  ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်များသည် ခေတ်နှင့်လျော်ညီသည့် ဒစ်ဂျစ်တယ်နည်းပညာ ဖန်တီးမှုများကို တီထွင်နိုင်လျှင် မိမိတို့နိုင်ငံသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာပေမည်ဖြစ်သည်။

ထို့အတူ လူငယ်များ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊  ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ် အလားအလာကောင်းများကို  ရှေ့ဆောင်လမ်းပြပေးနိုင်ရန် အတွက်  လူငယ်ရေးရာမူဝါဒကို  ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ အဆိုပါမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လူငယ်ရေးရာ မူဝါဒဆိုင်ရာအမျိုးသား အဆင့်မဟာဗျူဟာစီမံချက်(၂ဝ၂ဝ-၂၀၂၄)တွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ၊ အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ သုတေသနကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့်ဘဝ လုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍဟူ၍  ကဏ္ဍ(၁၆)ရပ်ဖြင့်  ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လူငယ်များကို အထူးအလေးထားသောအားဖြင့် လူငယ်များ၏ အနာဂတ်ကောင်းများကိုဖန်တီး တည်ဆောက်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြသည့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်ရေးရာ ကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်  လူငယ်များပညာ သင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးမည့် လူငယ်များအနေဖြင့် မိမိတို့၏ အခြေခံအရည်အသွေးများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့ရေးရာများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတို့ရှိရန် သင်ယူလေ့လာကာ   ကျွမ်းကျင်အဆင့်ထိ ရောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။   ။

Dates: 
Monday, August 12, 2024 - 08:38