ပဲရစ်အိုလံပစ်၌ အမေရိကန်က ရွှေတံဆိပ်အများဆုံးနှင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူးပြီး ဇယားထိပ်ဆုံးတွင် ရပ်တည်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၁၁ ရက်အထိကျင်းပသည့် ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပွဲတော်၌ အမေရိကန်နိုင်ငံက ရွှေတံဆိပ်ဆု အများဆုံးနှင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူးပြီး ဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
ထိုအားကစားပွဲတော်သို့ အမေရိကန်နိုင်ငံမှ အားကစားသမား ၅၉၂ ဦးက အားကစားနည်း ၃၄ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကာ ဆုတံဆိပ်အများဆုံး ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ပါဝင်ယှဉ်ပြိုင်ရာတွင် ပြေးခုန်ပစ် အားကစားနည်းဖြင့် ရွှေတံဆိပ် ၁၄ ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် ရှစ်ခု၊ စက်ဘီးစီးနှင့် ကျွမ်းဘားအားကစားနည်း တို့မှ ရွှေတံဆိပ်သုံးခုစီ၊ နပန်းနှင့်ဓားရေးပြ အားကစားနည်းတို့မှ ရွှေတံဆိပ်နှစ်ခုစီ၊ သေနတ်ပစ်၊ ဘတ်စကက်ဘော၊ လှေလှော်၊ အလေးမ၊ ဘောလုံး၊ ဂေါက်သီးရိုက်နှင့် ရေလွှာလျှောစီး အားကစားနည်းတို့မှ ရွှေတံဆိပ်တစ်ခုစီဖြင့် စုစုပေါင်းရွှေတံဆိပ် အခု ၄၀ ကိုရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ အမေရိကန်နိုင်ငံကိုယ်စားပြု အားကစားအဖွဲ့သည် ငွေတံဆိပ်စုစုပေါင်း ၄၄ ခုနှင့် ကြေးတံဆိပ်စုစုပေါင်း ၄၂ ခု တို့ကိုရရှိကာ ဆုတံဆိပ်စုစုပေါင်း ၁၂၆ ခုဖြင့် ဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်နည်းတူ ရွှေတံဆိပ်အခု ၄၀ ရရှိခဲ့သော်လည်း ရရှိ သည့်ဆုတံဆိပ်စုစုပေါင်း အရေအတွက် ကွာခြားမှုကြောင့် ဒုတိယအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
တရုတ်နိုင်ငံကိုယ်စားပြု အားကစား အဖွဲ့က ရွှေတံဆိပ် ၄၀၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၂၄ ခု စုစုပေါင်းဆုတံဆိပ် ၉၁ ခု ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏အောက်တွင် ဂျပန်နိုင်ငံ က ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၃ ခု စုစုပေါင်းဆုတံဆိပ် ၄၅ ခုဖြင့် တတိယနေရာကို ရရှိသည်။
စတုတ္ထနေရာကို ဩစတြေးလျက ဆုတံဆိပ်စုစုပေါင်း ၅၃ ခုဖြင့်လည်းကောင်း၊ ပဉ္စမနေရာကို ပြင်သစ်က ဆုတံဆိပ်စုစုပေါင်း ၆၄ ခုဖြင့် လည်းကောင်း ရပ်တည်နိုင်ခဲ့သည်။
ထို့ပြင် နယ်သာလန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့က ဆုတံဆိပ် ရရှိမှု ထိပ်ဆုံး ၁၀ နိုင်ငံ ဇယား တွင် အစဉ်လိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။