၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၄ မေ ၁၀ ရက်

 

တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၂)တွင် အခြေခံရေတပ်သားဘာသာရပ်နှင့် ရေတပ်အချက်ပြဆက်သွယ်ရေးဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်စခန်းနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်း လူငယ်စခန်းတို့တွင် လှေလှော်ရွက်တိုက်ဘာသာရပ်ကို လည်းကောင်း တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ယနေ့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure  ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များအပြင် တပ်မတော် (လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန်   ပျံသန်းရေးအုပ်များ နှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့် သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကြသည်။

ထို့ပြင် ပုသိမ်မြို့ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ များသည် မိတ္ထီလာမြို့သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် တပ်မတော် လေယာဉ်ဖြင့် ထွက်ခွာကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Dates: 
Monday, August 12, 2024 - 06:33