မန်ယူအသင်းက ဘိုင်ယန်မြူးနစ်အသင်းမှ ခံစစ်ကစားသမား နှစ်ဦးဖြစ်သည့် ဒီလစ်နှင့် မာဇာရာဝီ တို့ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြု
မန်ချက်စတာ ဩဂုတ် ၁၁
မန်ယူအသင်းက ဘိုင်ယန်မြူးနစ်အသင်းမှ ခံစစ်ကစားသမားနှစ်ဦးဖြစ်သည့် ဗဟိုခံစစ်ကစားသမား ဒီလစ်နှင့် တောင်ပံခံစစ်ကစားသမား မာဇာရာဝီတို့ကိုခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
မန်ယူအသင်းသည် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် လိုအပ်သည့် ကစားသမားခေါ်ယူမှုများ လုပ်ဆောင်လျက်ရှိပြီး အစောပိုင်းကလည်း လိုင်လီအသင်းမှ ဗဟိုခံစစ်ကစားသမားယိုရိုနှင့် ဘိုလော့ဂ်နာအသင်းမှ တိုက်စစ်ကစားသမား ဇက်ဇီးတို့ကို ခေါ်ယူနိုင်ပြီးနောက် ယခုအခါ ဒီလစ်နှင့် မာဇာရာဝီတို့ကို တစ်ပြိုင်တည်း ခေါ်ယူခြင်းဖြစ်သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းမှ ခံစစ်ကစားသမားများ မကြာခဏဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် အသင်းရလဒ်ပိုင်း ထိခိုက်ခဲ့သည့်အတွက် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းခံစစ်ပိုင်း ကို အဓိကပြင်ဆင်နေခြင်းဖြစ်သည်။
မန်ယူအသင်းသည် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် လိုင်လီအသင်းမှ ခေါ်ယူထားသည့် ယိုရိုသည် ဒဏ်ရာကြောင့် သုံးလခန့် အနားယူရမည် ဖြစ်သည့်အတွက် ခံစစ်ပိုင်းကို ပိုမိုအင်အား ဖြည့်တင်းခြင်းဖြစ်သည်။
မန်ယူအသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအစပိုင်းကတည်းက ဒီလစ်နှင့် မာဇာ ရာဝီတို့နှစ်ဦးကို ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ကစားသမား နှစ်ဦးနှင့် အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားကာ အသင်းမှ ကစားသမား တချို့ကို ရောင်းချရန်ကြိုးပမ်း နေသည့်အတွက် အနည်းငယ် ကြန့်ကြာနေခဲ့ပြီး လက်ရှိတွင် အသင်းမှ ခံစစ်ကစားသမား ဝမ်ဘစ်ဆာကာကို ဝက်စ်ဟမ်းအသင်းထံ ရောင်းချနိုင်ပြီးနောက် ဒီလစ်နှင့် မာဇာရာဝီတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ဒီလစ်အတွက် ပြောင်းရွှေ့ ကြေး ယူရို ၄၅ သန်းအပြင် အပိုဆုကြေး ယူရို ငါးသန်းနှင့် မာဇာရာဝီအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းအပြင် အပိုဆုကြေး ယူရိုငါးသန်းပေးချေခဲ့ရပြီး ဝမ်ဘစ်ဆာကာကို ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။