ဒစ်ဂျစ်တယ်အရွေ့နှင့် ယနေ့လူငယ်

 

ဒစ်ဂျစ်တယ်အရွေ့နှင့် ယနေ့လူငယ်

 

(၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုဆောင်းပါး)

"သင်ယူမှု ရပ်တန့်လိုက်တဲ့ အချိန်ဟာ

   အောင်မြင်မှု ကျဆုံးသွားချိန်ပဲ''

   ဘရမ်စတုတ်ကာ

   (အိုင်ယာလန်နိုင်ငံသားစာရေးဆရာ)

လူ့ဘဝ၌ မွေးဖွားလာသည်မှ သေဆုံးသည်ထိ သင်ယူခြင်း၊ သင်ကြားခြင်းအပြင် အစဉ်လေ့လာခြင်းပြုနေကြရပေသည်။  သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်သော အနာဂတ်ဘဝ ရရှိနိုင်ကြမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်   သြဂုတ်လ ၁၂  ရက်နေ့သည် ''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့'' ''Interna-tional Youth Day''ဖြစ်သည်။

 "စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''"From Clicks  To  Progress:  Youth DigitalPathways For Sustainable Development ''အဆိုပါဆောင်ပုဒ်ကို လူငယ်ထုအတွက် ချမှတ်ပေးထားပြီးဖြစ်ရာ ကောင်းမွန်စွာ ဆောင်ရွက်သွားကြရပေမည်။

နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်စေရန်၊ ထိုနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြသော လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံး၏ အလုပ်လုပ်ကိုင်မှုစွမ်းရည်၊  အသိဉာဏ်ပညာစွမ်းရည် အစရှိသော အရာများလိုအပ်ပေ၏။   ထို့အတူ   ကာယဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဉာဏဗလ၊ ဘောဂဗလ ဟူသည့်ဗလငါးတန်ပြည့်စုံသော လူငယ်မောင်မယ်များ၏ စွမ်းရည်သတ္တိရှိရန် အထူးလိုအပ်ပေသည်။ လူငယ်ဆိုသည်မှာ  ရဲဝံ့စွန့်စား၊  သင်ယူလေ့လာလိုစိတ်ပြင်းပြသူများဖြစ်ကြပေရာ   ယခုလို  IT နည်းပညာခေတ်၊ AI နည်းပညာခေတ်၌ ဒစ်ဂျစ်တယ် ရေစီးကြောင်းကို အမီလိုက်ပါနိုင်သူများလည်း ဖြစ်ကြပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့်   လူနေမှုအဆင့်အတန်း မည်သို့ရှိသည်ကိုသိရန်၊ ထိုနိုင်ငံသူ၊ နိုင်ငံသားတို့ မည်သို့သော   စာပေအမျိုးအစား ဖတ်ကြသလဲ၊လူဦးရေ မည်မျှစာဖတ်ကြသလဲ  စသည်ကို ဆန်းစစ်ကြည့်ခြင်းဖြင့် သိနိုင်ကြပေမည်။ စာဖတ်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသည်ကို ယနေ့လူငယ်များ အသိပင်ဖြစ်သည်။  ထို့အတွက် စာမတတ်သူပပျောက်ရေး အစီအစဉ်ကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေပေ၏။လူငယ်ထုပါဝင်ဆောင်ရွက် နေသော  စာမတတ်သူ စာတတ်ရေး၊ စာတတ်သူ စာဖတ်ရေး၊ စာဖတ်သူများ  စာဖတ်စွမ်းရည်နှင့် စာဖတ်ရှိန်မြင့်မားရေး တို့ကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်သိရှိ၊  ဖတ်ရှုနေကြရပေသည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊   ဒီဂရီကောလိပ်များနှင့် အတူ သူနာပြု၊ သားဖွားသင်တန်းကျောင်းများ၌ ယနေ့လူငယ်အများ ကိုယ်တိုင်ပါဝင်သည့် စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေး ပွဲတော်များကို ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်   စာစီစာကုံးရေးသားခြင်းပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများ  ကျင်းပပေးလျက်ရှိပေသည်။

ယနေ့ဒစ်ဂျစ်တယ် နည်းပညာခေတ်၌  လူကြီးများထက်ပိုမို၍ နည်းပညာကျွမ်းကျင်မှု ရှိသည်မှာ လူငယ်မျိုးဆက်သစ်များပင်ဖြစ်၏။    ခေတ်မီ အီလက်ထရွန်နစ်ပစ္စည်းများ သုံးစွဲမှု၌  အရေးပါသော လက်တော့/ကွန်ပျူတာ၊ တက်ဘလက်ဖုန်း၊ စမတ်ဖုန်းအစရှိသည် တို့ကိုအသုံးပြု၍ လူငယ်ထုသည် ကမ္ဘာနှင့်အဝှမ်း ချိတ်ဆက်ကာ အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည်။ Facebook၊ You Tube၊  Telegram၊Instagram၊ TikTok၊ Whatsapp  အစရှိသည့်လူမှုကွန်ရက် ပလက်ဖောင်းများကို အကျိုးရှိစွာ အသုံးချခြင်း၊ မိမိလေ့လာလိုသည့် website များ ဝင်ရောက်သင်ယူ လေ့လာနိုင်ခြင်းဖြင့် ကမ္ဘာ့စာပေများစွာကို ဖတ်ရှုနိုင်လာကြပြီဖြစ်ပေရာ  နည်းပညာဖွံ့ဖြိုး တိုးတက်မှုကို အမီမလိုက်နိုင်ပါက ကမ္ဘာကြီးတွင် ခေတ်နောက်ကျကျန်ခဲ့နိုင်ပေသည်။    သို့ဖြစ်၍ ထိုနည်းပညာကို သင်ကြား၊ သင်ယူတတ်မြောက် လွယ်သော ယနေ့လူငယ်ထုအား နိုင်ငံမှ အလေးထားကြသင့်သည်ဖြစ်ပေ၏။  ယခုစာရေးသူကိုယ်တိုင် အချို့သော စာပေပြိုင်ပွဲများ၌ နည်းပညာ တတ်ကျွမ်းမှုအားနည်း၍ စာမူကို Pdf file မဖွဲ့တတ်ခြင်း၊ ဗီဒီယို အတိုပြိုင်ပွဲများ၌ digital creation မပြုလုပ်တတ်ခြင်းတို့ကြောင့်   ဝင်ရောက်ယှဉ်ပြိုင်ခွင့်  အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရဖူးပေသည်။    ထို့ကြောင့် လူငယ်မောင်မယ်အများစုသည် ခေတ်တွင် အရေးပါလာသည့် ဒစ်ဂျစ်တယ်ရေစီးကြောင်းကို  အမီ လိုက်ပါပြီး  Digital Marketing၊   Digital Businessအစရှိသည်တို့ကို ပိုမို၍ဖွံ့ဖြိုးတိုးတက်ရေး အတွက်   တစ်ထောင့်တစ်နေရာမှ  ပါဝင်ကူညီဆောင်ရွက်ရင်း မိမိနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင်သွားသင့်ကြပေသည်။

ယနေ့ခေတ်    စာဖတ်သူလူငယ်အများစုမှာ နည်းပညာကျွမ်းကျင်သူများပါက အွန်လိုင်းမှဖတ်ရှု လေ့လာနိုင်ခြင်း၊ စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ခြင်း  သို့တည်းမဟုတ် စာကြည့်တိုက်များသို့သွား၍ ငှားရမ်းဖတ်ရှုနိုင်ခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေးကောင်း များစွာရှိနေပေသည်။ စာရေးဝါသနာ ပါသူများသည်လည်း E-mail၊ G-mail တို့ဖြင့် စာမူများပေးပို့နိုင်ကာ   တရားဝင်ဆောင်ရွက်နေသည့် Digital Books၊ E Books၊ Digital Magazines တို့တွင် ပါဝင်ရေးသားနိုင်၊ ဖတ်ရှုလေ့လာ နိုင်လာကြပြီဖြစ်ပေသည်။  ထိုထိုသော နည်းပညာခေတ်၏ အသီးအပွင့်များ ရေရှည်စားသုံးနိုင်စေရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ယနေ့လူငယ်အများ၏ အခန်းကဏ္ဍကို  အလေးထားကြရမည်ဖြစ်၏။   ယခုနှစ်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သော    ''စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   လူငယ်များရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''ဆိုသည့်အတိုင်း ဆက်လက်အားပေးချီးမြှင့်ကာ  ဆောင်ရွက်ကြရမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ထု၏ကြားတွင် ရေပန်းစားနေသော ကလစ်တစ်ချက်ခေါက်လိုက်ရုံနဲ့ ကမ္ဘာကြီးထဲ ရောက်နိုင်တယ်ဆိုသကဲ့သို့  ယခုနှစ် ဆောင်ပုဒ်တွင်လည်း ''From Clicks To Progress:  Youth   Digital   Pathways    For Sustainable Development''ဟူ၍    ဖော်ပြရေးသားထားပေရာ အလွန်ပင်မှန်ပေသည်ဟု ဆိုရမည်ဖြစ်၏။ မျိုးဆက်သစ် လူငယ်မောင်မယ်များ   ဖော်ဆောင်နိုင်မည့် ဒစ်ဂျစ်တယ်လမ်းများအား လျှောက်လှမ်းစေကာ နိုင်ငံအတွက်၊ လူမျိုးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဝိုင်းဝန်းကူညီ ဖေးမပေးသွားကြရမည် ဖြစ်ပေသည်။

အသက်အရွယ်ကြီးသူများအနေဖြင့် စာအုပ်၊ စာစောင်ကိုင်ပြီး ဖတ်ရှုမှသာ  စာဖတ်ရပိုအဆင်ပြေပေရာ မြို့ရွာအနှံ့တည်ရှိသော စာကြည့်တိုက်များမှာ သွားရောက်ငှားရမ်းဖတ်ရှုနိုင်ကြပေပြီ။   လူငယ်အများစုမှာမူကား ဆိုင်ထိုင်၍သော် လည်းကောင်း၊ မိမိနေအိမ်မှသော်လည်းကောင်း    စမတ်ဖုန်း၊ ကွန်ပျူတာတို့မှ အင်တာနက်ချိတ် ဆက်ဖတ်ရှုနိုင်နေပြီဖြစ်၏။ ဤသည်မှာ လူကြီး၊ လူငယ်များ ကွာဟချက်၏အရေးပါသော ဒစ်ဂျစ်တယ်အရွေ့ကြောင့် ပင်ဖြစ်ရပေသည်။ သို့ဆိုပါလျှင် ကျဉ်းမြောင်းသောကွာဟမှုမဖြစ်စေရေး၊  လူကြီးတို့၏  အတွေ့အကြုံ ဗဟုသုတများနှင့် မြန်မာလူငယ်များ၏ နည်းပညာကျွမ်းကျင်မှုကို ပေါင်းစပ်ကာ  တိုင်းပြည်အတွက် ကောင်းကျိုးဆောင်နိုင်ကြပါမူ   ပိုမို၍သင့်တော်သည်ဟု   ထင်မြင်ယူဆမိပါသည်။   နည်းပညာကျွမ်းကျင်သူများမှ အစဉ်မျှဝေခြင်းဖြင့်   စာပေဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုး ကူညီစွမ်းဆောင်ပေးရင်း    နိုင်ငံတကာ၌ မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကို ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခု ရယူဆောင်ကြဉ်းပေးနိုင်ကြပါစေ။ အမိမြန်မာနိုင်ငံ၏ ကောင်းသောအောင်မြင်မှုများကို ကမ္ဘာမှသိရှိစေရန် လူငယ်ထု၏စွမ်း‌ဆောင်မှုဖြင့် ပုံဖော်ပြသ ပေးနိုင်ကြပါမူ ပို၍ နည်းပညာကွန်ရက် တည်ဆောက်ခြင်း အထောက်အကူဖြစ်ပေရာ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခြင်းမည်ပေသည်။

အခါအခွင့်သင့်တုန်းမှာ  လူငယ်စာရေးဆရာ သဟာဆွေလှိုင်း၏ ''Create good days ကောင်းမွန်သော နေ့ရက်များကို ဖန်တီးလိုက်ပါ'' စာအုပ်လေးထဲမှ ဒီစာစုလေးကို လူငယ်များအတွက် မျှဝေပေးလိုက်ပါရစေ။

"ဘဝမှာ လေ့လာရင်း၊  သင်ယူရင်း၊ ဝေမျှရင်း ကောင်းမွန်သစ်လွင်တဲ့နေ့တွေ  အများကြီးဖန်တီးကြည့်ပါ။ ကျေနပ်စရာကောင်းပြီး  စိတ်ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့နေ့ရက်များစွာ ပိုင်ဆိုင်ရပါလိမ့်မယ်။''

ဒစ်ဂျစ်တယ်ဆိုတာ Binary Code နည်းပညာတွေကို အသုံးပြုပြီး မိမိတို့လိုလားသော၊ လိုအပ်သော အချက်အလက်တွေကို အချိန်၊  ရုပ်ပုံ၊ အသံ၊ စာဖိုင်များ၊ ဗီဒီယိုများ အစရှိသဖြင့် သိမ်းဆည်းနိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်း၊ ပို့ဆောင်ပေးနိုင်ခြင်းတို့ဖြစ်သည်။     ယနေ့လူငယ်များ အနေဖြင့်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အကျွမ်းတဝင်ဖြစ်အောင်လေ့လာဆည်းပူးကာ ကမ္ဘာလောကစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ကြပါစေကြောင်း  ဆန္ဒပြုရင်း''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့''ကို  ဂုဏ်ပြုလိုက်ရပါသည်။   ။