၀င်ငွေတိုး၍ကျန်းမာဖွံ့ဖြိုးစေမည် နေကြာဆီ

၀င်ငွေတိုး၍ကျန်းမာဖွံ့ဖြိုးစေမည် နေကြာဆီ

မာနိုင်ငံသည်မြေကြီးမှရွှေသီးသောနိုင်ငံဖြစ်ပေရာ မြေရှိသည်၊ ရေရှိသည်၊ လူအင်အားလည်းရှိသည့်အတွက် လူတို့နေ့စဉ်စားသုံးရန်အတွက် လိုအပ်သည့် အစာအာဟာရများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူတိုင်းစားသုံးဆီလျှော့ချသုံးစွဲရေးတိုက်တွန်းအားပေးနေသည်မှာ   လူတိုင်း၏ကျန်းမာရေးကို တွေးရှုမြော်မြင်၍ တိုက်တွန်းခြင်းဖြစ်သည်။

ထို့ပြင် နှစ်စဉ်ပြည်ပမှမှာ ယူတင်သွင်းနေရသည့်စားသုံးဆီအတွက် နိုင်ငံခြားငွေချွေတာနိုင်ရေးကိုလည်း ရည်ရွယ်ခြင်း ဖြစ်သည်။ နိုင်ငံသားတိုင်းသည် တိုင်းပြည်ကို တကယ်ချစ်စိတ်ဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မအောင်မြင်နိုင်သောအရာဟူ၍ရှိမည်မဟုတ်ပါ။

ပြည်ပမှမှာယူ တင်သွင်းနေကြရမည့်အစား မိမိတို့နိုင်ငံတွင် အားကြိုးမာန်တက်လုပ်ဆောင်မည်ဆိုပါက  ဆီစားသုံးမှုအတွက် ပူပင်သောကဖြစ်ဖွယ်မရှိနိုင်တော့ပေ။ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံအရပ်ရပ်တွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု သတင်းများကို စာရေးသူ ကြားသိလိုက်ရသည်နှင့် နေကြာဆီအကြောင်း လေ့လာမိသည်။ ဆောင်းနေကြာကို   စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြသည်။

နေကြာမှာသက်တမ်းလေးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး  သစ်သားဆုံများဖြင့်ကြိတ်ကာ   နေကြာဆီအဖြစ် အသုံးပြုကြရသည်။ အချို့သောဒေသများ ရှိတောင်သူများသည် နှမ်းခင်းများထဲတွင် နေကြာသီးညှပ်စိုက်ပျိုးခြင်း၊ သီးခြားစိုက်ပျိုးခြင်းတို့ဖြင့် စားသုံးဆီရရှိရေး လုပ်ဆောင်ကြသည်။ ရှမ်းပြည်နယ်တွင်သာမက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိနေသည်။

နိုင်ငံနှင့်အဝန်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မည်ဆိုလျှင် မြန်မာနိုင်ငံသည်စားသုံးဆီအတွက် ပြည်ပကအားကိုးရန် မလိုတော့သည့်အခြေအနေဖြစ်လာပေလိမ့်မည်။

တစ်ဧကအထွက် အများဆုံးရရှိစေမည့် နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များကို လေ့လာကြည့်မိသောအခါ စိုက်ချိန်မှန် စိုက်ပျိုးခြင်း၊ အနည်းဆုံးအပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသောနေကြာမျိုးများကို အသုံးပြုခြင်း၊ တစ်ဧကလျှင်အပင်ဦးရေ ၂၉၀၀၀ အပြည့်အဝရရှိစေရန်တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မထား၍ တစ်ကျင်းလျှင်  နှစ်စေ့နှုန်းစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ အပင်သက်တမ်း ၁၅ ရက် သားအတွင်း တစ်ကျင်းတစ်ပင်ချန်၍ခွဲခြင်း၊ အပင်ငယ်စဉ်ပေါင်းမြက်ကင်းစင်အောင်ပြုလုပ်ပေးခြင်း၊  ပိုးနှင့်ရောဂါ ကျရောက်ပါက သင့်လျော်သည့်ဆေးဖြင့်အချိန်မီကာကွယ်ခြင်း၊ အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်တွင် ပေါင်တင်ပေးခြင်း၊ ရေလိုအပ်ပါက အဖူး ၇၅ ရာခိုင်နှုန်းဝင်ချိန်နှင့် ပန်း ၇၅ ရာခိုင်နှုန်းပွင့်ချိန်တွင် ရေတစ်ကြိမ်စီ သွင်းပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင်အလေအလွင့်နည်းအောင် အချိန်မီရိတ်သိမ်းခြင်း၊ စနစ်တကျမျိုးစေ့ခြွေ့ခြင်း၊ ခြောက်သွေ့အောင်နေလှန်းခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။  ၁၉၈၄  ခုနှစ်တွင် ဆင်းရွှေကြာ-၂ အမျိုးအစား၊ ၂၀၁၂ ခုနှစ်တွင် ရေဆင်းနေကြာ-၁ နှင့်၂၀၁၉ ခုနှစ်တွင်   ရေဆင်းနေကြာ-၂ မျိုးများကိုအသုံးပြုလျက်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင်တင်း ၅၀ နှင့် ၆၀ အကြားရှိသည်။

တောင်သူဦးကြီးများအနေဖြင့် နေကြာစိုက်ရန်မြေပြုပြင်စဉ်တွင် ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၅၆ ပေါင်နှင့် နွားချေး သို့မဟုတ် သဘာဝမြေသြဇာလှည်း/ကား ၅ စီးမှ ၁၀ စီးနှုန်း ထည့်ပေးရမည်ဖြစ်သည်။ အဖူးဝင်ချိန်တွင်လည်း ယူရီးယား ၅၆ ပေါင် ထပ်မံထည့်ရမည်ဖြစ်သည်။ စိုက်ပျိုးရာတွင်လည်း ထွန်ကြောင်းများဆွဲပြီး လက်ဖြင့်ဖြူးချ စိုက်ပျိုးသည့်အခါ နေအပူချိန်ပြင်းခြင်း၊ လေတိုက်ခတ်မှုပြင်းထန်ခြင်းများနှင့်ကြုံရသည့်အခါ မျိုးစေ့များ ထိခိုက်နိုင်သည်။

ထို့ကြောင့်   မျိုးစေ့ချကိရိယာကို အသုံးပြု၍မျိုးစေ့ချသင့်ပေသည်။ နေကြာမှာအပူချိန် ၂၀-၂၅ ဒီဂရီစင် တီဂရိတ်တွင် ပို၍ဖြစ်ထွန်းသည်။  မိုးရာသီနှင့်ဆောင်းရာသီတို့တွင် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်သည်။ သီးထပ်စိုက်ပျိုးခြင်းဆိုသည်မှာ ပထမသီးနှံရိတ်သိမ်းအပြီးတွင် ဒုတိယသီးနှံကို မြေကွက်ပေါ်တွင် စိုက်ပျိုးခြင်းဖြစ်သည်။ သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ နေကြာချည်းသီးသန့်စိုက်ပျိုးခြင်း မပြုဘဲ အခြားယာသီးနှံတစ်မျိုးမျိုးနှင့် တစ်ချိန်တည်းတစ်ပြိုင်တည်းစိုက်ပျိုးခြင်းဖြစ်သည်။ မိုးနည်းပါးသည့်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ မိုးရာသီတွင်  မျိုးရရှိရေးကိုဦးစားပေးစိုက်ပျိုးကြပြီး ဆောင်းရာသီတွင် သီးသန့်ဖြစ်စေ၊ အခြားသီးနှံများနှင့်သီးညှပ်ဖြစ်စေစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးစပါးအပြီး နေကြာသီးထပ်အဖြစ်လည်းကောင်း၊ ပဲမျိုးစုံဖြင့် သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။

မိုးရာသီတွင် စိုက်ပျိုးချိန်မှာ မေလမှဇွန်လအတွင်းဖြစ်သည်။

နေကြာစေ့ဆီကြိတ်၍ ဟင်းချက်စားသုံးမည်ဆိုပါက ကျန်းမာရေးနှင့် ညီညွတ်မျှတကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီများက ဖော်ပြထားသည်။ နေကြာဆီတွင် လူကိုဘေးဖြစ်တတ်သော ကိုလက်စထရော လုံးဝမပါရှိကြောင်းသိရှိရသည်။ နေကြာစေ့ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးမှာ များပြားလှသည်။  နေကြာဆီတွင် ပါရှိသော ဗီတာမင်အီးက ဦးရေပြားပေါ်ရှိ သွေးကြောများလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည်။ ဖောလစ်အက်စစ် ခေါ်  ဗီတာမင် B9 က အာရုံကြောစနစ်အတွက်  မရှိမဖြစ်အာဟာရဓာတ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် အထူးသင့်လျော်သည်။ နေကြာဆီသည် သန္ဓေသား၏မျက်နှာ၊ အသည်း၊ နောက်ဘက်ကျောရိုးမကြီးနှင့် ဦးနှောက်တို့ကို ဖွံ့ဖြိုးရန်ကူညီထောက်ပံ့ပေးနိုင်သည်။

ထို့ပြင်ကင်ဆာအကျိတ်များကြီးထွားလာခြင်းကိုနှေးကွေးစေသည်။ နေကြာဆီတွင် ဗီတာမင် B6 ပါဝင်သည့်အတွက် ဦးနှောက်မှတ်ဉာဏ် အားကောင်းစေသည်။ ဦးခေါင်းတစ်ခြမ်း ကိုက်ခဲသူများမှာ နေကြာဆီကို အထူးစားသုံးသင့်ကြောင်း သိရှိရသည်။ လူတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများဖြစ်သည့် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာသော အဆီဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို နေကြာဆီမှ ရရှိနိုင်သည်။ နေကြာဆီတွင် သစ်ပင်မှရရှိနိုင်သောသဘာ၀ အဆီဓာတ်က ကျန်းမာရေးအတွက်အလွန်အရေးပါသော  မပြည့်ဝဆီ ဖြစ်သည်ဟုလည်း ဆိုသည်။  HDL ကိုလက်စထရောများကိုပေးစွမ်းပြီး ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော LDLကိုလက်စထရောလျော့ကျစေသည်။ မိမိ၏ကိုယ်အလေးချိန်ကို  လျှော့ချလိုသူတိုင်း နေကြာဆီကိုစားသုံးသင့်သည်။ နေကြာဆီကို စားသုံးခြင်းဖြင့် အရေပြားကိုစိုပြည်စေနိုင်သည်။ ဦးနှောက်နှင့်ပတ်သက်သော  ကင်ဆာရောဂါများအတွက်လည်း ဖောလစ်အက်စစ်ခေါ်ဗီတာမင် B9 ကြွယ်ဝသော နေကြာဆီကိုစားပေးသင့်ကြောင်း  ပညာရှင်တို့ရေးသားထားသည်။

ထို့ပြင်  နေကြာဆီစားသုံးခြင်းဖြင့် အရိုးများကြံ့ခိုင်သန်မာစေခြင်း၊ သွေးတိုးရောဂါရှိသူများ နေကြာဆီဖြင့် ဟင်းချက်စားသုံးခြင်းဖြင့် သွေးဖိအားကိုလျော့ကျစေခြင်း၊ ပန်းနာရင်ကျပ်ရှိသူများ၊ အဆစ်အမျက် ရောင်ရမ်းနာရှိသူများ၊  အရိုးပွရောဂါရှိသူများအတွက် ဓာတ်စာအဖြစ်စားသုံးနိုင်ခြင်း၊ ဆီးချိုသွေးချိုရောဂါ ရှိသူများစားသုံးသင့်ခြင်း၊ အသားအရေဝင်းပလိုသူများ၊ ဝက်ခြံပေါက်သူများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်၍ အရေပြားပျက်စီးသူများ၊ အရွယ်တင်၍လှပလိုသူများ၊ အသားအရေမစိုမပြည်ခြောက်သွေ့သူများ၊ ဆံပင်ကျွတ် သူများအနေဖြင့် နေကြာစေ့လှော်စားခြင်း၊ နေကြာဆီဖြင့်ဟင်းချက်စားခြင်း၊ နေကြာဆီကိုလိမ်းပေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေသည်။

နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံတိုးတက်ရေးအတွက်ကြိုးပမ်းနေကြချိန်တွင် ကျွန်တော်တို့နိုင်ငံသားများအနေဖြင့်  မိမိနိုင်ငံ တိုးတက်ရေးအတွက်လူတိုင်းကျရာနေရာမှ ပါဝင်ကြိုးပမ်းသင့်သည်။ ပြည်သူလူထု တစ်ရပ်လုံးက တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်မည်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ လူတိုင်းသည်အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသည့်အတိုင်း စားရေရိက္ခာဖူလုံပါမှ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။  လူတိုင်း တက်ညီလက်ညီလုပ်ကိုင်   ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးသည်မှာ  လူတိုင်း  ကျန်းမာရေး ကောင်းမွန်နေရန် ဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ  ပညာသင်ကြား နိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေးအတွက်ရှောင်သင့်တာရှောင်၊ စားသင့်တာစားနိုင်ကြမှ ရောဂါကင်းဝေးပေလိမ့်မည်။

ဆီထွက်သီးနှံနှင့်ပတ်သက်၍  မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်  ပြည်ပမှစားသုံးဆီများ တင်သွင်းနေရကြောင်း၊  ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့  တင်ပို့နေခြင်းများလည်းရှိကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေးနှင့် အချက်အလက်များ မှန်ကန်စွာရယူနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်(၄)ချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ ရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်သည် စိုက်ပျိုးရေးလုပ်ငန်းများ မြိုင်မြိုင် ဆိုင်ဆိုင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်  တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်း အတိုင်းပြည့်ဝစွာ ထွက်ရှိအောင်  ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှုများစွာ လျှော့ချနိုင်မည် ဖြစ်ကြောင်း။

ဤသည်မှာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)တွင် ဆီထွက်သီးနှံများ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ပတ်သက်၍ ပြောကြားသည့် အချက်အလက်များကို ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ ဤလမ်းညွှန်ချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများကောင်းကျိုးအတွက်ဖြစ်သည်။ အဓိကမှာ ပြည်ပမှ သွင်းကုန်လျှော့ချနိုင်ရေး၊   ပြည်ပသို့ ပို့ကုန်ပိုမိုပို့ဆောင်နိုင်ရေးအတွက်လည်း   အထောက်အကူဖြစ်စေသည်။

မြန်မာနိုင်ငံတွင်  စားသုံးဆီထုတ်ယူရန်အတွက် ဆီထွက်သီးနှံအုပ်စုအဖြစ် သတ်မှတ်ထားသော မြေပဲ၊ နှမ်း၊ ပဲပုပ်၊ ဆီအုန်း၊ ပန်းနှမ်းနှင့်နေကြာ  စသည့်အပင်များမှ ထုတ်လုပ်ရရှိသော စားသုံးဆီများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက   ကုန်သွယ်မှုပိုငွေမှာသည့်ထက် များပြားလာနိုင်ဖွယ်ရှိပေသည်။  

အမှန်အားဖြင့် ပြည်တွင်းဖြစ်စားသုံးဆီများမှာ မိမိတို့ပြည်တွင်းတွင်  ထုတ်လုပ်ခြင်းဖြစ်၍    ရိုးရိုးသားသား ကြိုးကြိုးစားစားထုတ်လုပ်နိုင်ကြမည်ဆိုလျှင် နိုင်ငံသားတစ်ဦးချင်း၏  ကျန်းမာရေးသက်တမ်းသည်လည်း ပိုမိုရှည်ကြာလာဖွယ်ရှိပေသည်။  တောင်သူဦးကြီးများအနေဖြင့်   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည်ဖြင့် နည်းလမ်းလေးသွယ်ရှိပေရာ ထိုနည်းလမ်းများအတိုင်း စနစ်တကျစိုက်ပျိုးခြင်းဖြင့် မိမိလုပ်ငန်းအောင်မြင်ရေးကို  ရှေးရှုလုပ်ဆောင်ကြရမည်ဖြစ်သည်။

ကမ္ဘာနှင့်အဝန်းစိုက်ပျိုးရေး နည်းပညာများ၊ မွေးမြူရေးနည်းပညာများ တိုးတက်လာသည်နှင့်အတူ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ  တောင်သူလယ်သမားကြီးများ၊ လုပ်ငန်းရှင်များသည်  ခေတ်မီနည်းစနစ်များနှင့်အညီ  မိမိတို့၏လုပ်ငန်းအတွက် တိုးတက်နေအောင် ကြိုးစားကြရမည်ဖြစ်သည်။ စားသုံးဆီများကို ပြည်ပမှ မှာယူ တင်သွင်းမှုမျိုး  ကင်းစင်ပပျောက်ရေးကြိုးစားခြင်းသည် တစ်နည်းအားဖြင့် ဆိုရသော် အမျိုးသားရေး လုပ်ငန်းတစ်ရပ်ဟု   ဆိုနိုင်သည်။ ကိုယ့်အားကိုယ်ကိုး စီးပွားတိုးဆိုသည့်အတိုင်း   ဝင်ငွေလည်းလှ ဆီလည်း ရမည့် နေကြာစိုက်ပျိုးရေးကို   အားသွန်ခွန်စိုက် လုပ်ဆောင်ကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက် ရပေသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)