MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

 

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မွန်ပြည်နယ်စစ်မှုထမ်း‌ဟောင်းအဖွဲ့ရုံးခန်း၌ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့မှ  ဦးဆောင်၍ ပြုလုပ်သည်။

ဦးစွာ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံရှိ ဆရာဝန်၊ သူနာပြု၊ အရပ်သားပြည်သူများအပေါ် လူမဆန်သောယုတ်မာမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ အကြမ်းဖက်နှိမ်နှင်းရေး၊ အကြမ်းဖက်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် “ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်၊ အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော  MNDAA အကြမ်းဖက်အဖွဲ့အား အလိုမရှိ၊  အပြစ်မဲ့ပြည်သူများစွာကို ရက်စက်စွာသတ်ဖြတ်နေသည့် အကြမ်းဖက်များအလိုမရှိ၊ အကြမ်းဖက်အဖွဲ့များကို အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်ပေးရေး ဒို့အရေး၊ ပြည်သူကို သတ်ဖြတ်နေ သည့် အကြမ်းဖက်အဖွဲ့များ ကျရှုံးပါစေ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့  ” စသည့်ကြွေးကြော်သံများ ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ ကန့်ကွက်ရှုတ်ချခြင်းကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, August 12, 2024 - 17:02