ထွန်းထွန်းမင်းနှင့် ရွှေရာမာဉ်တို့ ပူးတွဲ သရေကျ

ရန်ကုန်  ဒီဇင်ဘာ  ၆

ပဉ္စမအကြိမ်မြောက်   မြန်မာ့ရိုးရာ လက်ဝှေ့  ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (Myanmar Lethwei  World  Championship 5)ကို ယနေ့တွင် ရန်ကုန်မြို့၌ ပရိသတ်မပါဘဲ ကျင်းပခဲ့ရာ အဓိကတွဲဆိုင်းအဖြစ် မြန်မာ့ လက်ဝှေ့ကျော်  ထွန်းထွန်း မင်းနှင့်  လူငယ် လက်ဝှေ့ကျော် ရွှေရာမာဉ်တို့ ပွဲစဉ်တွင် အကြိတ်အနယ် ထိုးသတ်ခဲ့သော်လည်း အရှုံး အနိုင်အဖြေ မပေါ်ဘဲ ပူးတွဲသရေ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲကို SKY NET ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့် ခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ထွန်းထွန်းမင်း၏ အားသာသည့် လက်သီးချက်၊ ခြေကန်ချက်များဖြင့် တိုက်စစ်အားပြု၍ ထိုးသတ် ခဲ့သော်လည်း ရာမန်ကထိန်း၍ တန်ပြန် တိုက်စစ်ဖြင့်သာ ထိုးသတ်ခဲ့သည်။ ပထမနှင့် ဒုတိယအချီတွင် ထွန်းထွန်း မင်း သည် တိုက်စစ်ဖွင့်ထိုး  သတ်ခဲ့သော်လည်း ရာမာန်က လက်သီးကာချက်များ ကောင်းမွန်သဖြင့် ထိရောက်မှု မရှိခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းအချီများ တွင် နှစ်ဦးလုံးအလဲထိုး သတ်နိုင်ခြင်းလည်း မရှိသည့်အတွက် အရှုံးအနိုင် အဖြေမပေါ်ဘဲ ပူးတွဲသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ တွဲဆိုင်းအပါအဝင် တွဲဆိုင်း ခြောက်ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဒုတိယ ခေါင်ပွဲတွင် ဗျဂ္ဃနှင့် စောထိန်လင်းတို့ ပူးတွဲသရေကျခဲ့သည်။ သားဒိန်းနှင့် ကျားသွေး၊ စောရွှေလေးနှင့် အဖိုးသွေး၊ ကနောင်သွေးနှင့် ပိုင်သက်အောင်တို့ ပွဲစဉ်တို့တွင်လည်း ပူးတွဲသရေကျခဲ့ပြီး ဓနအောင်က စောအရိုင်းကို တတိယ အချီတွင် အလဲထိုး အနိုင်ရခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 အန္တရာယ်ကြောင့် မတ်လက စတင်ကာ ပြည်တွင်း၌ ကျင်းပရန် စီစဉ်ခဲ့သည့်  မြန်မာ့ ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ရွှေ့ဆိုင်း ခဲ့ရသောကြောင့် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲသည်  ကိုဗစ်ကာ လ အတွင်း ပြည်တွင်း၌ ပထမဆုံးအကြိမ် ကျင်းပသည့် ရိုးရာလက် ဝှေ့ပြိုင်ပွဲလည်းဖြစ်ကြောင်း သိရသည်။

ကိုရဲ