ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

အခန်း ( ၂၇ )

ကမ္ဘာကြီးပူနွေးမှု၊ ရာသီဥတုပြောင်းလဲမှုကို အချိန်မီကုစားကြလူသားတို့မှာ မလုပ်မဖြစ် တာဝန်အရလုပ်စရာအလုပ်နှစ်ခုရလာပြီ ဖြစ်သည်။ ၎င်းတို့မှာ –

    (က) ရေတို CO2 လျှော့ချနိုင်မည့်ကိစ္စများ ချက်ချင်းဆောင်ရွက်ရေး၊

    (ခ) ရေရှည် CO2 လျော့နည်းလာရေး အစီအမံများ ဆောင်ရွက်ရေးစသည့် အချက်နှစ်ချက်ဖြစ်သည်။

ဖော်ပြခဲ့သော အကြောင်းအရာများကို အကျဉ်းချုပ်ပြန်ကောက်နုတ်ရလျှင် CO2  များများထုတ်လွှတ်မည့် ကိစ္စများကို သတိနှင့်ကြည့်၍ လျှော့ချရေး ဆောင်ရွက်ရန်သာဖြစ်သည်။ CO2 လျှော့ချရေး ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်သော လျှပ်စစ်ကဏ္ဍကို နမူနာပြပါမည်။

လျှပ်စစ်ဓာတ်အားကဏ္ဍ CO2 လျှော့ချရေး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင်  CO2  ထုတ်လွှတ်မှုများသော တွင်းထွက်လောင်စာကို မီးရှို့၍   ဓာတ်အားထုတ်လုပ်ခြင်းကို   နှစ်စဉ် ရာခိုင်နှုန်းသတ်မှတ်၍ စီမံချက်ရေးဆွဲပြီး လျှော့ချသင့်သည်။ တစ်ဖက် ကလည်း ဓာတ်အား လိုအပ်ချက်ကိုပြည့်မီစေရန်   ရေအား၊ နေအား၊ လေအား  စသည့်ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များ  ပိုမိုသုံးစွဲရန် နှစ်စဉ်စီမံချက်ဖြင့် မဖြစ်မနေ ဆောင်ရွက်သင့်သည်။

အရေးကြီးဆုံးမှာ   ယခင်ဆယ်စုနှစ်များစွာက   ကျင့်သုံးခဲ့သော အတွေးအခေါ်၊ အကျင့်စရိုက်ဟောင်းများကို ဦးစွာပြင်ကြရမည်။  ပြုပြင် ပြောင်းလဲသင့်သည်များကို   ရဲရဲတင်းတင်းပြောင်းကြရမည်။    ရေတိုဖြေရှင်းမှုများဖြင့် အသားကျနေသော စိတ်ဓာတ်များကို ဦးစွာပြင်ရမည်။ ပြည်သူကို သဘောပေါက်အောင်ရှင်းပြရမည်။

ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းတိုင်းသည် CO2 ထုတ်လွှတ်ကြသည် ချည်းဖြစ်သည်။ ထိုအထဲတွင် သဘာဝဓာတ်ငွေ့ရည် (LNG) ၊ ကျောက် မီးသွေး၊ ဒီဇယ်ဆီနှင့်မီးထိုးဆီတို့မှာ CO2 ပို၍ ထုတ်လွှတ်ကြသည်။ သို့သော် ဓာတ်အားစနစ်တိုင်းတွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးမှန်မှ ဓာတ်အားတည်ငြိမ်သည်၊  စျေးနှုန်းသက်သာသည်။  ဤ အချက်ကြောင့်  နိုင်ငံတိုင်းတွင်  အထက်တွင်ဖော်ပြခဲ့သော  အပူသုံး ဓာတ်အားပေးစက်ရုံများ မဖြစ်မနေ တွဲဖက်သုံးစွဲနေကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံ၌လည်း တွင်းထွက်လောင်စာများကို မီးရှို့၍ ဓာတ်အားပေးထားသော အချိုးအစားမှာ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင် ၆ဝ ရာခိုင်နှုန်းခန့်အထိ မြင့်မားလာနေပြီဖြစ်သည်။  ယခင်မကြာသေးမီ ဆယ်စုနှစ်ကာလများထက် သိသိသာသာ ဓာတ်ငွေ့သုံးစက်ရုံများ တိုးချဲ့မောင်းနှင်လာသည်ကို တွေ့ရသည်။ ကာလအလိုက် လျှပ်စစ်ဓာတ်အား ကိစ္စများကို ရှေ့အခန်း များတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

သဘာဝဓာတ်ငွေ့ဖြင့်မောင်းနှင်သော ဓာတ်အားတစ်ကီလိုဝပ်နာရီ တိုင်းသည်  အနည်းဆုံး CO2 ၃၅ဝ ဂရမ်မှ အများဆုံး  ၇ဝဝ ဂရမ်အထိ ထုတ်လွှတ်နေသည်။

မိမိတို့နိုင်ငံ၌  ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင်သုံးစွဲခဲ့သော  ဓာတ်အားမှာ ကီလိုဝပ်နာရီသန်းပေါင်း ၂၃၅၅၇ ဒသမ ၈၆ ဖြစ်သည်။ အရင်းအမြစ် တစ်မျိုးစီမှ ဓာတ်အားထုတ်လုပ်မှု အလိုက်  ပါဝင်မှုအချိုးနှင့်  CO2 ထုတ်လွှတ်မှုများကို တွက်ချက်ဖော်ပြမှ ပို၍ရှင်းမည်ဖြစ်၍ ဖော်ပြပါ မည်။

Description: C:\Users\dsitd\Desktop\13-8-2024\13843.JPG

မိမိတို့နိုင်ငံတွင်  လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍမှ  CO2 ထုတ်လွှတ်ခဲ့မှု ပမာဏ  စုစုပေါင်းမှာ ၂ဝ၁၉-၂ဝ၂ဝ  ခုနှစ်တွင်   မတ်ထရစ်တန်ချိန် ခြောက်သန်းခန့်  ထုတ်လွှတ်ခဲ့ကြောင်း တွေ့ရပါမည်။  အရင်းအမြစ် တစ်ခုစီ၏ CO2  ထုတ်လွှတ်မှုကို   ပြန်လည်တွက်ချက်အချိုးချကြည့်ရာတွင်-

          - သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ        ၇၉%

          - ကျောက်မီးသွေးသုံးစက်ရုံများမှ          ၂ဝ%

          - ရေအားလျှပ်စစ်စက်ရုံများမှ                 ၁%

          - နေရောင်ခြည်သုံးစက်ရုံများမှ               ဝ.ဝ၆%

အသီးသီး ထုတ်လွှတ်ခဲ့ကြကြောင်း တွေ့ရမည်။

မြန်မာနိုင်ငံ၏ ၂ဝ၂၁ ခုနှစ် ဇူလိုင်လကုန်အထိ စက်တပ်ဆင်အင်အား စုစုပေါင်းသည်-

          - ရေအားလျှပ်စစ်             ၃၃၄၅          မဂ္ဂါဝပ်

          - သဘာဝဓာတ်ငွေ့           ၄ဝ၅၇          မဂ္ဂါဝပ်

          - ကျောက်မီးသွေး               ၁၂ဝ          မဂ္ဂါဝပ်

          - နေရောင်ခြည်                    ၄ဝ          မဂ္ဂါဝပ်

            စုစုပေါင်း                      ၇၅၆၂          မဂ္ဂါဝပ်

အသီးသီးရှိသည်။

ဖော်ပြခဲ့ပြီးသော နှစ်စဉ်ဓာတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်)နှင့် လူဦးရေ ၅၂ သန်းကို အချိုးချတွက်ချက်ရာတွင်  ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင် လူတစ်ဦးစီအတွက် ဓာတ်အားသုံးစွဲနိုင်မှုမှာ ၄၃၆ ကီလိုဝပ် နာရီ(ယူနစ်) သုံးစွဲသည်ကိုတွေ့ရသည်။

ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း အရင်းအမြစ်တစ်မျိုးစီအလိုက် ဓာတ်အား  တစ်ယူနစ်ရရှိရေး  CO2 ဂရမ်မည်မျှ ထုတ်လွှတ်သည်ဆိုသည်ကိုလည်း  သိရှိထားခဲ့ကြပြီးဖြစ်ရာ  မည်သည့်အရင်းအမြစ်ကို မည်မျှဓာတ်အား ထုတ်လုပ်လျှင်  မည်မျှ  CO2  ထုတ်လွှတ်မည်ကို သိနေကြပြီဖြစ်သည်။  CO2 ထုတ်လွှတ်မှုသည်  တပ်ဆင်အင်အားနှင့် တိုက်ရိုက် မသက်ဆိုင်ပါ။ ထုတ်လုပ်မှုကီလိုဝပ်နာရီ(ယူနစ်)ပေါ်တွင်သာ အခြေခံတွက်ချက်ရပါမည်။

ဓာတ်အားသုံးသူများသည်လည်း သုံးစွဲမှုခြွေတာလျှင် CO2 ထုတ် လွှတ်မှုလည်း လျှော့ချနိုင်မည်ဖြစ်သလို ကုန်ကျစရိတ်လည်း သက်သာမည်။  ဓာတ်အားပိုလျှံလာပါက  ဓာတ်အားသုံးစွဲခွင့် မရသေးသူများကိုလည်း ဓာတ်အားမျှဝေနိုင်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး

လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲခြင်းသည်      လက်တွေ့ကျသော ချက်ချင်း ဆောင်ရွက်နိုင်သော ကိစ္စဖြစ်သည်။    မိမိတို့သုံးလိုက်သော ဓာတ်အားထဲတွင် ကမ္ဘာကြီးပူနွေးလာစေမည့် အပူဓာတ်ငွေ့များပါလာ နေသည်ဟု သဘောထားပြီး သုံးကြရန်လိုသည်။ အဆိုပါဓာတ်ငွေ့များ သည် ဝိုင်ယာကြိုးထဲတွင် ပါလာနေပြီ။  ဓာတ်အားခလုတ် (မီးခလုတ်)ထိရောက်နေပြီ။ မိမိခလုတ် ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မိမိအိမ်ထဲ၊ မိမိရုံးခန်းထဲ၊ မိမိစက်ရုံထဲ၊ မိမိရပ်ကွက်ထဲသို့  CO2 များ ပျံဝဲသွားတော့ မည်ဟုမှတ်ယူထားသင့်သည်။

အကယ်၍ ဓာတ်အားထုတ်လုပ်မ ှုအချိုးတွင်  CO2  များများထုတ်လွှတ်သော အရင်းအမြစ်များများ ပါနေလေ မိမိဖွင့်မည့်မီးခလုတ်တွင် CO2 များများ ရောက်နေလေဖြစ်သည်ဟု သိထားသင့်သည်။

ဆက်လက်ဖော်ပြပါမည်။