မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆) နောက်ဆုံးပွဲစဉ်တွင် ဒဂုံစတားအသင်းက မဟာယူနိုက်တက် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိ
ရန်ကုန် ဩဂုတ် ၁၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက် ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့ ကစားခဲ့ရာ ဒဂုံစတားအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့သော်လည်း ဒဂုံစတားအသင်းက ပိုမိုထိရောက်သည့် တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် ဆွမ်လမန်က ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဒဂုံစတားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း မဟာယူနိုက်တက် အသင်းက ချေပဂိုးအတွက် ပြန်လည်ဖိအားပေးခဲ့သော်လည်း ဒဂုံစတားအသင်း ခံစစ်ကစားသမားများက အမှားအယွင်းမရှိ အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ တွင် ဇော်ရဲထွန်းက ဒုတိယဦးဆောင်ဂိုးနှင့် ပွဲချိန် ၉၃ မိနစ်တွင် ငြိမ်းချမ်းအောင်က ဒဂုံစတားအသင်းအတွက် တတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဒဂုံစတားအသင်းက မဟာယူနိုက်တက် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဒဂုံစတားအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး ဆွမ်လမန်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။