ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
ပဲခူး သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်း အမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီး ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပသည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စက်ဘီးစီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးအားကစားသမား များအား ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍ တာလွှတ်ပေးပြီး ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း ပဲခူးမြို့အဝင် တိုးဂိတ်အလွန် တိုက်ကြီး-ဖောင်ကြီး လမ်းဆုံအထိ အသွား/အပြန် ၁၅ မိုင် ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၁၂၃ ဦး ပါဝင်ယှဉ်ပြိုင် ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စက်ဘီးစီး အားကစားဝါသနာရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အတီး/အက အဖွဲ့များက လာရောက်ကြည့်ရှု အားပေးကြပြီး ပန်းဝင်သူများအား ပန်းကုံးစွပ်၍ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရာ ပဲခူးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ က “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အမျိုး သား စက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ အမျိုးသား/အမျိုးသမီး စက်ဘီးစီး ပြိုင်ပွဲဝင် အဆင့်(၄)မှ အဆင့် (၂၀)အထိ ဆုရရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကို တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန် ရှိသူများက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင် ရွက်ချက်မှတ်တမ်း Video Clip အားကြည့်ရှု ကြပြီး တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာနှင့် ပတ်သက်သည့် လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ ဆောင်းပါးနှင့် စာစီစာကုံးများအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။