AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ
နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မေ ၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူများနေထိုင်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း သို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ် အရွယ်ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၁ နာရီ ခန့် တွင် ဘူးသီးတောင်မြို့၏ တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဘဂုံးနားတောင်ရွာ ဘက်မှနေ၍ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာနေသူများ နေထိုင်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်းသို့ လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ယင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုခံယူစေ လျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း ဒေသခံ ပြည်သူများ အေးချမ်းစွာနေထိုင်နေမှုနှင့် လူမှုစီးပွားဘဝ ပျက်စီးစေရန် ရည်ရွယ်ချက် ဖြင့် လူနေရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအနေဖြင့် ယခုအကြိမ်အပါအဝင် စုစုပေါင်း ၁၃ ကြိမ်ရှိခဲ့ပြီး ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၅၇ ဦး သေဆုံးခဲ့ကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်များဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိသည်။