သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ၂၀၂၄ မေ ၁၁
အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများ ပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာန အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အများပြည်သူ အားထား အသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတား အမှတ်(၃/၁၃၂)၊ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ် တံတားအနီး၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက တံတား၏မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာမှ နေ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တံတား၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်မှ နေ၍ Drop Bomb ကြဲချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် တံတား၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားစဉ် တံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ်တံတား၏ မြောက်ဘက် ကမ်းကပ်ခုံ မှာ ၁၀၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးသွားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင်လည်း ၎င်းတံတားအား အကြမ်းဖက် သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ရာ အများပြည်သူသွားလာရေး အခက် အခဲများဖြစ်ပေါ်ခဲ့၍ ကုန်စည် စီးဆင်းမှုများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသဖြင့် နိုင်ငံတော် အစိုးရက ဒေသခံ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးခဲ့ပြီး ယခုအခါ ထပ်မံ၍ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင်သော အများ ပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter-Terrorism Operation)ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။