ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့ သူနာပြုများကြိုးစားစို့

ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့ သူနာပြုများကြိုးစားစို့

 

အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day) အား ခေတ်သစ်သူနာ ပြုစုခြင်းပညာရပ်ကို စတင်တည်ထောင်သူအဖြစ် ထင်ရှားသော ဖလောရင့်နိုက်တင်ဂေးလ်၏ မွေးနေ့ မေလ ၁၂ ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ကြသည်။ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်  သူနာပြုများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်းကို မီးမောင်းထိုးပြချင်သည့်အတွက်ဖြစ်သည်။ ၁၈၅၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ခရိုင်မီယန်စစ်ပွဲအတွင်း ဖလောရင့် နိုက်တင်ဂေးလ်သည်  စစ်ပွဲဒဏ်ရာရလူနာများကို ပြုစုကုသမှုများပေးခဲ့သည့် မီးအိမ်ရှင်မ "The lady with the lamp"အဖြစ် ထင်ရှားခဲ့သည်။ ထိခိုက်ဒဏ်ရာရ စစ်သည်လူနာများကို နေ့မအား၊ ညမနား မှောင်မဲနေသည့်စစ်မြေပြင်တွင် မီးအိမ်လေးစွဲကိုင်ပြီး လိုက်လံရှာဖွေပြုစု ကုသပေးခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ စစ်သည်များက စတင်ပြီး   ပေးခဲ့သောနာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီကလည်း ကမ္ဘာတစ်ဝန်းရှိ  သူနာပြု  ၂၈  သန်းကျော်ကို ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများစွာနှင့် အလုပ်လုပ်နေရသော်လည်း ကမ္ဘာပေါ်ရှိ သူနာပြု အားလုံးကို နေ့တိုင်းနေ့တိုင်းမှာ လူနာများအတွက် မိမိတတ်ကျွမ်းသည့် သူနာပြုပညာနှင့် အမြင့်ဆုံး ကျွမ်းကျင်မှု၊ လုံခြုံစိတ်ချမှုရှိသော သူနာပြုစုမှုများကို ပေးနိုင်သည်ထက် အစွမ်းကုန်ပေးကြရန် တိုက်တွန်းထားသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့၏ Theme  ဆောင်ပုဒ်မှာ Our Nurses. Our Future. The Economic Power of  Care  ဖြစ်သည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းကို ၁၉၄၈ ခုနှစ်ကစတင်၍ အစိုးရမဟုတ်သော အသင်းအဖွဲ့အဖြစ် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တိုးတက်မှုရရှိစေရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ အရပ်ဘက်သူနာပြုဖြစ်စေ၊ တပ်မတော်သူနာပြုဖြစ်စေ သူနာပြုများ ခံယူအပ်သောအဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်ကို လိုက်နာစောင့်ထိန်းကြရသည်။ သူနာပြုများ ခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာများမှာ-

သူနာပြုများခံယူအပ်သော အဓိဋ္ဌာန်ပြု ကတိသစ္စာ

၁။      အကျွန်ုပ်သည်    လူသားအားလုံး၏       ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို           ကျွန်ုပ်၏အရေးကဲ့သို့ ယူဆပါအံ့။

၂။       အကျွန်ုပ်သည် မိမိတို့ပညာ၏ ဂုဏ်သိက္ခာကို   ထိန်းသိမ်းပြီး  အကျင့်စာရိတ္တ ပျက်ပြားမှုမှ ရှောင်ကြဉ်ပါအံ့။

၃။      အကျွန်ုပ်သည်   ဂိလာနပုဂ္ဂိုလ်များကို    ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်  လူမျိုး၊ ဘာသာအဆင့်အတန်းမခွဲခြားဘဲ           ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါအံ့။

၄။      အကျွန်ုပ်သည် ကျန်းမာရေးမြှင့်တင်ရေး          လုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေး လုပ်ငန်း၊ သူနာပြုစုရေးလုပ်ငန်း၊ ရောဂါကုသရေးလုပ်ငန်း၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်း၊ ဆေးပေးခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် လူသားတို့၏   ကျန်းမာရေး သို့မဟုတ်           အသက်အန္တရာယ်ကို   ထိခိုက်စေမည့် မည်သည့် အပြုအမူကိုမဆို   တားဆီး ကာကွယ်ပါအံ့။

၅။      အကျွန်ုပ်သည် လူနာ၏ ဝေဒနာသက်သာမှုနှင့် ကျန်းမာရေးတိုးတက်မြင့်မားလာစေရန်           အခြားကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍          အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့။

၆။      အကျွန်ုပ်သည် လူနာ၏ဂုဏ်သိက္ခာနှင့်   ယုံကြည်ကိုးကွယ်မှုများကို အစဉ်လေးစားပါအံ့။

၇။      အကျွန်ုပ်သည် လူနာ၏ အတွင်းရေးကိစ္စများကို ပြောဆိုသင့်သည့် အချက်များမှအပ           လျှို့ဝှက်ချက် အနေဖြင့် စောင့်ထိန်းပါအံ့။

၈။      အကျွန်ုပ်သည် မိမိနှင့်သက်ဆိုင်သော     နည်းပညာ၊  အတတ်ပညာများ  အစဉ်တိုးတက်ရှင်သန်စေရန် ဆောင်ရွက်ပါအံ့။

၉။      အကျွန်ုပ်သည် မိမိပညာရပ်နှင့်သက်ဆိုင်သော   ကျင့်ဝတ်များကိုစောင့်ထိန်းပြီး   အချင်းချင်း ထာဝရစည်းလုံးညီညွတ်ရန် အမြဲတစေဆောင်ရွက်ပါအံ့။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ (Myanmar Military Medical Corps) သည်  တပ်မတော် သားများနှင့် မိသားစုဝင်များကို   ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးလက်တောရွာများအထိ သွားရောက် စောင့်ရှောက်ပေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်တွင် မမျှော်လင့်ဘဲကြုံလာတတ်သော သဘာဝဘေးအန္တရာယ်များ၊  မသမာသူတို့ ဖန်တီးသော ဘေးအန္တရာယ်များ ကြုံတွေ့သောအခါ၌လည်း တစ်တပ်တစ်အားအနေဖြင့် မိမိတို့တတ်စွမ်းသမျှဆေးပညာဖြင့် အလုပ်အကျွေးပြုခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်းပွဲ၌ သူနာပြုကောင်းတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များသည် လူနာအတွက် ဝေဒနာတစ်ဝက်သက်သာစေခြင်းဖြစ်၍ မိတ်ဆွေကဲ့သို့  ဆက်ဆံခြင်း၊  ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်းစသည့် သူနာပြုတစ်ယောက် ကျင့်ကြံနေထိုင်ရမည့် အချက်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ  ထမ်းဆောင်ကြရသည့်  အဓိကတာဝန်သည် သူတစ်ပါးအသက်ကို အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခြင်းကြောင့် မွန်မြတ်ဖြူစင်ပြီး   ထူးကဲသည့်  ကုသိုလ်အကျိုးကို ရရှိစေသည့်  အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သူနာပြုများသည်  ဆေးရုံ၊  ဆေးတပ်ရင်းဟူသည့် သတ်မှတ်နေရာများတွင်သာမက တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင်လည်း  ကျွမ်းကျင်ကူညီဆေးစစ်သည်များအဖြစ် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့်   တစ်သားတည်းအတူ ရဲဘော်စိတ် အပြည့်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြသည်ကို တပ်မတော်သမိုင်းတစ်လျှောက် အထင် အရှားတွေ့မြင် နိုင်ပေသည်။ အထင်ရှားဆုံးသာဓကအဖြစ် သူနာပြုအရာရှိ ဗိုလ်မှူးဒေါ်ခင်အုန်းမြသည် ဒုတိယကမ္ဘာစစ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများကို သက်စွန့်ဆံဖျားအမှုထမ်းခဲ့၍ ကမ္ဘာ့သူနာပြုလောကတွင် အဆင့်အမြင့်ဆုံးဖြစ်သော ဖလောရင့်နိုက်တင်ဂေးလ်ဆုတံဆိပ်ကို ၁၉၆၃ ခုနှစ်တွင် ကျင်းပသော ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ညီလာခံတွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံသူနာပြုနှင့်  သားဖွားကောင်စီက ကြီးမှူး၍  သူနာပြုများအရည်အသွေးတိုးမြင့်ပြီး နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အာဆီယံနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိသော လမ်းညွှန်ချက်များ (Continuing Professional Development (CPD) Guideline For Nursing and Midwifery Professional) ကို ချမှတ်ကာ အကောင်အထည်ဖော်မှုများစတင်နေပြီဖြစ်သည်။ သူနာပြုများ လက်တွေ့လုပ်ဆောင်လျက်ရှိသော အချက်များပေါ်တွင် အခြေခံထားသော လမ်းညွှန်ချက်များဖြစ်၍ လူနာများအတွက်လည်း ပိုမိုကောင်းမွန်ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့်  လမ်းညွှန် ချက်များဖြစ်သည်။ သူနာပြုများ အတွက်လည်း နိုင်ငံတကာစံနှုန်းများအတိုင်း စနစ်တကျ ပြုစုကုသမှုပေးသောစနစ်ကို မှတ်တမ်း တင်စေခြင်းဖြစ်၍ အကျိုးများလှသော လမ်းညွှန်ချက် (Guideline) ဖြစ်ပေသည်။

အထက်ပါ CPD Guideline များနှင့်အညီ တပ်မတော်ဆေးရုံများတွင်လည်း စဉ်ဆက်မပြတ် သူနာပြုစုမှု ပညာသင်ကြားခြင်း   (Continuing Nursing Education) များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍသည် အရေးအကြီးဆုံးဖြစ်သည်ဟု မှတ်သားဖူးသည်။ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  သူနာပြုများသည်  အခြေခံကျသော၊ အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ကြသည်။ သို့ဆိုလျှင်   ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုကောင်းများဖြစ်ရန် တပ်မတော်သူနာပြုများက အစဉ်တစိုက်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပါကြောင်း  အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့တွင် ဂုဏ်ပြုရေးသားလိုက်ရပါသည်။   ။

မိခိုင်ဇင်ခင်လေး