လူငယ်များအတွက်ဩဂုတ်လ တစ်ဆယ့်နှစ်ရက်

 

လူငယ်များအတွက်ဩဂုတ်လ တစ်ဆယ့်နှစ်ရက်

 

“ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း    

မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်  

ဘယ်ဂုဏ်မျိုးကို၊ ကြိုက်သနည်း။  

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

လူဘုံလောက၊ နှစ်သာရတည့်

သူကငြူစူ၊ မကြည်ဖြူလည်း

ခွာရာမရ၊ ကွာမကျ။ ”

ဟု ဆရာကြီးဇော်ဂျီက ညီသစ်ဆင်း ကဗျာစုတွင် ရေးသားခဲ့သည်။  အသက်နှစ်ဆယ်ရှိသော လူငယ်တစ်ဦးသည်  မည်သည့်ဂုဏ်ဒြပ်ကို    နှစ်သက်သနည်းဟု မေးမြန်းထားသည်။ ရိုးသားသောဂုဏ်၊ ယဉ်ကျေးသော ဂုဏ်တို့မှာ လူ့လောက၏ အနှစ်သာရဖြစ်ပြီး လူတစ်ဦးတစ်ယောက်က ၎င်းဂုဏ်တို့ကိုခွာကာယူသော် ကွာ၍မကျကြောင်း ရေးသားထားခြင်း ဖြစ်သည်။ လူငယ်များသည် ရိုးသားရပါမည်။
ရိုးသားမှုဆိုသည်မှာ  သူတစ်ပါးအပေါ်လိမ်ညာ ကောက်ကျစ်ယုတ်မာမှု မရှိခြင်း၊  လိမ်ညာကောက်ကျစ်ခြင်းမှ ရရှိလာမည့် အကျိုးကို မမျှော်ကိုးဘဲကိုယ့်အားကိုယ်ကိုးခြင်းကို ခေါ်ဆိုသည်။ “လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား  ၁၅ နှစ်မှ ၃၅နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို ဆိုလိုသည်”ဟု မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒတွင် သတ်မှတ်ထားရှိသည်။ လူငယ်ဆိုသည့် စကားအတိုင်း   ငယ်ရွယ်နုပျိုမှု၊      သွက်လက်ဖျတ်လတ်မှု၊ စူးစမ်းလေ့လာလိုစိတ်ရှိမှုနှင့် ကာယအားဉာဏအားတို့ အပင်ပန်းခံနိုင်မှု စသည့် အရည်အချင်းများ ရှိကြသည်။

မြန်မာမှုနယ်ပယ်တွင် လူငယ်များသည်ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလဆိုသော ဗလငါးတန်ဖြင့်ပြည့်စုံနေရမည်ဟု ဆိုထားသည်။ လူငယ်တို့သည် ကာယဗလကြံ့ခိုင်ကာကျန်းမာရေး ကောင်းရပါမည်။ ကျန်းမာရေးကောင်းမွန်မှသာ မိမိအကျိုး သူတစ်ပါးအကျိုးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင်ကြိုးစားရပါမည်။ လောကတွင်ဖြစ်ပျက်နေသော အရှိတရားကို ဆင်ခြင်တုံတရားဖြင့် ချိန်ဆပြီး
မိမိဘဝတိုးတက်ရေးကို ရှေးရှုကာ ပညာဗဟုသုတရှာမှီးရပါမည်။ မပြုလုပ်ရန် တားမြစ်ထားသည်ကို မပြုလုပ်ခြင်း၊ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ခြင်းဆိုသော အကျင့်စာရိတ္တကောင်းလည်း ရှိသင့်သည်။ မိမိ၏အခက်အခဲကို ဆောင်ရွက်ပေးသော မိတ်ကောင်းဆွေကောင်းလည်း ရှိရပါမည်။ ဘဝခရီးအတွက်နေထိုင် လုပ်ကိုင်စားသောက်ရာတွင် စည်းစိမ်ဥစ္စာမှာ အရေးပါလျက်ရှိသည်။ ဥစ္စာရှိရေးအတွက် အလုပ်တာဝန်များကို ကြိုးစားပမ်းစား လုပ်ဆောင်ရပါမည်။  လူငယ်များသည် နိုင်ငံတော်အတွက်စွမ်းအားသစ်အဖြစ် ထွက်ပေါ်လာမည့် သားကောင်းရတနာများ ဖြစ်ကြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင်  အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး   ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားကို အသုံးချကြသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သော (၅၄) ကြိမ်မြောက်အစည်းအဝေး၌   ဩဂုတ်လ  ၁၂  ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(InternationalYouth Day)”အဖြစ် သတ်မှတ်ထားရှိသည်။ လူငယ်များ၏ မျက်မှောက်ကာလတွင် ရင်ဆိုင်နေရသောအခက်အခဲများကို ဖြေရှင်းပေးရန်၊ ကမ္ဘာ့လူငယ်များအတွက်အစီအစဉ်များကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန်၊ လူငယ်တို့၏ စွမ်းပကား တိုးတက်မြင့်မားစေရန်ဆိုသည့် ရည်ရွယ်ချက်များ ချမှတ်ခဲ့သည်။
ကုလသမဂ္ဂမှ နှစ်စဉ်နှစ်တိုင်းဆောင်ပုဒ် ချမှတ်ပေးကာ နိုင်ငံအသီးသီးတွင်  လူငယ်အခမ်းအနားများကိုကျင်းပကြသည်။

ကုလသမဂ္ဂအဖွဲ့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊လူငယ်များရဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” (“From Clicks To Progress: Youth Digital  Pathways  For  Sustainable Develop-ment”)ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့်အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်
ရွက်ရာတွင် လူငယ်များသည် အဓိကအခန်းကဏ္ဍမှပါဝင်လာစေရန် လိုအပ်ကြောင်း တိုက်တွန်းအသိပေးထားသည်။

 ကုလသမဂ္ဂစာရင်းအရ  ကမ္ဘာပေါ်တွင်  လူငယ်လူဦးရေမှာ ၁ ဒသမ ၂  ဘီလီယံခန့်ရှိပြီး  ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ရှိသည်။ လူငယ် ၈၅ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိသည်။ လူငယ်လူနည်းစုကသာ လူမှုအသိုက်အဝန်းတွင် ဝင်ဆံ့ပြီး    လိုအပ်သော ပညာရေး၊ကျန်းမာရေးနှင့်အခြား ဝန်ဆောင်မှုတို့ကို ရရှိကြသည်။  လူငယ်အများစုမှာ  ဆင်းရဲမှု၊   ပညာရေးနှင့်ကျန်းမာရေး နိမ့်ကျမှု၊  ကျား/မတန်းတူ မညီမျှမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှု၊ စစ်မက်ဖြစ်ပွားမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု စသည်တို့ကိုရင်ဆိုင်နေရကြောင်း လေ့လာသိရှိရသည်။ ၎င်းအခက်အခဲများ ရှိသကဲ့သို့တစ်ဖက်တွင်လည်း တိုးတက်မှု အခွင့်အလမ်းများ ရရှိနေကြသည်။

လူငယ်တို့ဘဝဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံတွင်၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ အခြေခံမူ (၉)ချက်နှင့် ရည်ရွယ်ချက်  (၁၅)  ချက်တို့ပါဝင်သည့်လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။  လူငယ်ရေးရာမူဝါဒ ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူငယ်များ၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊   ဖွံ့ဖြိုးမှု စသော အနာဂတ်အလားအလာကောင်းများကို   ဖြည့်ဆည်းပေးနိုင်မည့် မဟာဗျူဟာလမ်းညွှန်ချက်ကို ခေါ်ဆို၏။   လူငယ်များအတွက်   လိုအပ်သော လူသားအရင်းအမြစ်နှင့်ဝန်ဆောင်မှုများကို သန္နိဋ္ဌာန်ချဆောင်ရွက်ပေးနိုင်ရန်စနစ်တကျ ဖော်ညွှန်းထားသော မူဝါဒတစ်ခုဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ၂၀၂၂ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီကိုပြင်ဆင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင်“နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး   ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်  လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး”ဟုပါရှိသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို  ဩဂုတ်လ ၁၂ ရက်နေ့တွင်နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားရုံ  (C) ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သည့်၊ ကျန်းမာကြံ့ခိုင်သည့်၊ တွေးခေါ်နိုင်စွမ်းရှိပြီး  အကျင့်စာရိတ္တကောင်းမွန်သည့်၊စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံ၏ အနာဂတ်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းစွာဖြင့် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း” ဟူ၍ ပြောကြားခဲ့သည်။

လူငယ်တို့၏ စွမ်းရည်များ    မြင့်မားစေရန်လူရည်ချွန်စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ  မျိုးဆက်သစ် လူငယ်မောင်မယ်များကိုရေကြောင်း၊ လေကြောင်းပညာရပ်များ တတ်ကျွမ်းစေရန်         ရေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်းနှင့် အခြေခံ/တန်းမြင့် လေကြောင်းလူငယ် သင်တန်းတို့ကိုလည်း ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။

ယနေ့ကမ္ဘာပေါ်တွင်     သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါ စသည့်ကမ္ဘာ့ရေးရာ ပြဿနာများ ပေါ်ပေါက်လျက်ရှိသည်။ ထို့ပြင်လူသားတို့ကြောင့် မညီမျှမှု၊ အစွန်းရောက်မှု၊ သဟဇာတ ပျက်ပြားမှုများကလည်း ကမ္ဘာ့အန္တရာယ်အဖြစ် တွန်းပို့နေသည်။    လူငယ့်စွမ်းအားသည်  မျက်မှောက်ကာလ အခက်အခဲများကို ဖြေရှင်းရာတွင်  အရေးပါလျက်ရှိသည်။

လူငယ်များသည်  အနာဂတ်နိုင်ငံတော် တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် သူများဖြစ်ကြသည်။  နိုင်ငံတစ်ခုတိုးတက် ပြောင်းလဲမှု ဖော်ဆောင်ရာတွင် လူငယ်များ၏ စည်းလုံးမှုနှင့် ဦးဆောင်နိုင်မှုတို့ကို စနစ်တကျ ပါဝင်စေရမည်ဖြစ်သည်။  လူငယ်အပေါင်းမှလည်း မိမိနိုင်ငံ အရေးသာမကဘဲ ကမ္ဘာ့အရေးကိုပါ လေ့လာရမည်ဖြစ်သည်။ လေ့လာမှုမှရရှိသော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူမှု၊အတွေ့အကြုံကောင်းများ ရရှိမှုတို့ကို အသုံးချကာ စွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်အောင်ကြိုးစားရမည်မှာ လူငယ်တိုင်း၏ တာဝန်ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော်   ကမ္ဘာ့နိုင်ငံ အသီးသီးရှိလူငယ်များ ထူးချွန်ထက်မြက်စေရန်   သက်ဆိုင်ရာနိုင်ငံ အသီးသီးတို့က အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်လူငယ်ရေးရာ မူဝါဒများရေးဆွဲချမှတ်ခြင်း၊ လူရည်ချွန်စီမံကိန်း ဆောင်ရွက်ပေးခြင်း၊  ရေကြောင်းနှင့် လေကြောင်းပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း  စသည်များ လုပ်ဆောင်ပေးလျက်ရှိသည်။   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင်  လူငယ်ထု၏ စွမ်းပကားမှာ အရေးပါလျက်ရှိပြီး   လူငယ်အပေါင်းတို့မှလည်း  လိုက်ပါဆောင်ရွက်သင့်ကြောင်း   "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" ကို ဂုဏ်ပြုသောအားဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။    ။