နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ လက်ကိုင်ဖုန်းလေးလုံးနှင့် မော်တော်ယာဉ်တစ်စီးလုယက်ယူဆောင်ခဲ့သူ တရားခံနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ လက်ကိုင်ဖုန်းလေးလုံးနှင့် မော်တော်ယာဉ်တစ်စီးလုယက်ယူဆောင်ခဲ့သူ တရားခံနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၁၃

          ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ်(၅၉၅၈)နေ ဦးသန်းနိုင်ထွန်း (၄၉)နှစ်၏ နေအိမ်၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဦးသန်းနိုင်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး(၄၈)နှစ်နှင့် သားဖြစ်သူ ကိုနောင်ရွှေအုပ်စိုး (၂၉)နှစ်တို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါနေအိမ်ရှိ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်း စစ်ဆေးခဲ့သည်။

            အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများမှ သတင်း အချက်အလက်များရယူဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့တွင် အဆိုပါ YGN-36 5E/9185 Ractis ခဲရောင်မော်တော်ယာဉ်အား ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ ရွှေပေါင်းလောင်း တည်းခိုခန်းအနီး လမ်းမပေါ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ကွင်းဆက်မပြတ်ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံဖြစ်သည့် ဝင်းမင်းသူ(ခ) ဖိုးလပြည့်(ခ)ဇော်ဇော်(၁၉)နှစ် (ဘ)ဦးကျော်သူ၊ ချောင်းစောက်ကျေးရွာ၊ ပုဗ္ပသီရိ မြို့နယ်နေသူအား ဩဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့မှ ချောက်မြို့သို့ ထွက်ခွာလာသည့် မြသရဖူ ခရီးသည်တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

            ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ရဲထက်ကျော်(၁၉)နှစ် (ဘ)ဦးကျော်အေး၊ ဥတ္တရသီရိရပ်ကွက်၊ ဥတ္တသီရိ မြို့နယ်နေသူအား ယင်းနေ့ ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်း (အနောက်)ကျေးရွာ၌ လူသတ်မှုကျူးလွန်၍ လုယက်ယူဆောင်ခဲ့သည့် လက်ကိုင်ဖုန်းနှစ်လုံးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

            ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်နှင့် ရဲထက်ကျော်တို့၏ ထွက်ဆို ချက်အရ ၎င်းတို့နှစ်ဦးသည် သေဆုံးသူ နောင်ရွှေအုပ်စိုးနှင့် မိတ်ဆွေသူငယ်ချင်းများဖြစ်ကြပြီး နောင်ရွှေအုပ်စိုးမှာ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိသူဖြစ်ကြောင်း၊ နောင်ရွှေအုပ်စိုး၏နေအိမ်၌ ၎င်းတို့ နှစ်ဦးနှင့်အတူ မကြာခဏ အရက်နှင့် ထန်းရည်အတူသောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း၊ တရားခံ ရဲထက်ကျော်မှ ဆိုင်ကယ်အသစ်ဝယ်ယူရန်အတွက် ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ နောင်ရွှေအုပ်စိုးတို့ မိသားစုအား သတ်ဖြတ်ပြီး ၎င်းတို့ပိုင် မော်တော်ယာဉ်အား ရောင်းချပါက ငွေများရရှိနိုင်ကြောင်း၊ ရောင်းချငွေများအား ၎င်းတို့နှစ်ဦးမှ တဝက်စီခွဲဝေယူရန် တိုင်ပင်ခဲ့ကြပြီး ဩဂုတ်လ ၈ ရက်နေ့ ည ၇ နာရီတွင် နောင်ရွှေအုပ်စိုး၏ နေအိမ်သို့ သွားရောက်၍ အရက်အတူ သောက်စားခဲ့ပြီးနောက် နောင်ရွှေအုပ်စိုးနှင့် ၎င်း၏မိဘများဖြစ်သည့် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး တို့သုံးဦးအား အသင့်ယူဆောင်လာသည့် သစ်သားတုတ်၊ ဓားများဖြင့် ရိုက်နှက် ထိုးခုတ်သတ်ဖြတ် ခဲ့ကာ နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံး၊ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော် ယာဉ်တစ်စီးတို့အား ယူဆောင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရသည်။

            ဖြစ်စဉ်တွင် တရားခံများဖြစ်ကြသည့် ဝင်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်နှင့် ရဲထက်ကျော် တို့သည် ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူနှင့် ၎င်း၏ မိဘများအား သတ်ဖြတ်ကာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Dates: 
Tuesday, August 13, 2024 - 15:34