စည်းနဲ့ကမ်းနဲ့ မြန်မာစာ

 

စည်းနဲ့ကမ်းနဲ့ မြန်မာစာ

 

ဖူး နဲ့ ဘူး

ညီလေး

အရင်စာထဲမှာ ပဲ နဲ့ ဘဲ ကို ဘယ်လိုခွဲခြားမှတ်သားရမယ်ဆိုတာ ရှင်းပြခဲ့တယ်နော်။  ညီလေးသဘောပေါက်မယ် ထင်ပါရဲ့။  ဒါပေမဲ့ ခြွင်းချက်တစ်ခုအနေနဲ့    ကိုကြီးပြောထားခဲ့တဲ့ ကိစ္စလေးကို ဆက်ပြောချင်သေးတယ်။ အဲဒါကတော့ ပဲ နဲ့ ဘဲ မှာ ပဲ ကျတော့ အနက်စွဲအရေးကို လက်ခံထားတယ်။ ဘဲ ကျတော့ အသံစွဲ အရေးကို လက်ခံထားတယ်ဆိုတဲ့ကိစ္စပါပဲ။ အနက်စွဲအရေး၊  အသံစွဲအရေးတို့ဟာ ပဲ နဲ့ ဘဲ တို့နဲ့သာဆိုင်တာမဟုတ်ဘူး။ စာလုံးပေါင်း သတ်ပုံနယ်ပယ်မှာ  အတော်အရေးကြီးတဲ့ အချက်ဖြစ်နေလို့ ကြားဖြတ် ပြီးရှင်းပြလိုက်ဦးမှ ဖြစ်မယ်။

ကိုကြီးတို့ မြန်မာစာပေမှာ အသုံးပြု ရေးသားနေကြတဲ့ ဝဂ်ဗျည်း ၂၅ လုံးဆိုတာကို ညီလေးသိပြီးသားပါ။ တကယ်တော့ အဲဒီဝဂ်ဗျည်း ၂၅ လုံးဆိုတာလည်း  ပါဠိ ဘာသာက  တိုက်ရိုက်ယူသုံးထားတဲ့ ဗျည်းတွေပါ။ အသံကတော့ ပါဠိ၊ ဌာန်၊ ကရိုဏ်း၊  ပယတ်နဲ့ မကိုက်ညီတော့ဘူးပေါ့။ မြန်မာ့ အာ၊ မြန်မာ့လျှာနဲ့ ကိုက်ညီတဲ့အသံနဲ့ မြန်မာ မှုပြုထားတဲ့ အသံတွေဖြစ်နေပါပြီ။

အဲဒီဝဂ်ဗျည်း ၂၅ လုံးကို ဇယားနဲ့ ကြည့်ရရင် ညီလေးပိုရှင်းသွားမှာပါ။ ဇယားကတော့ဒီလိုပါ။

အဲဒီဇယားမှာပြထားတဲ့ သံညင်း၊ သံပြင်း၊  သံလျော့၊  သံတင်းဆိုတာတွေကိုလည်း ညီလေးမှတ်ထားဦးနော်။ နောင်တစ်ချိန်ချိန် မှာ အဲဒါတွေကို  ထည့်ပြောချင်ပြောရမှာ မဟုတ်လား။  ခုတော့  အနက်စွဲ၊ အသံစွဲ ဗျည်းတွေကိုပဲပြောကြဦးစို့။   ဇယားမှာ က-ဝဂ်၊ စ-ဝဂ်၊ ဋ-ဝဂ်၊ တ-ဝဂ်၊ ပ-ဝဂ် ဆိုပြီးတော့ ငါးဝဂ်ရှိတယ်။ တစ်ဝဂ်မှာ ဗျည်းငါးလုံးဆိုတော့ ဝဂ်ဗျည်း ၂၅ လုံးပေါ့။ ဝဂ်ဗျည်း ၂၅ လုံးမှာ ဋ-ဝဂ်ဗျည်းငါးလုံး ဟာ မြန်မာဘာသာ၊   မြန်မာစာစစ်စစ်မှာ   အနက်မရှိ  အသုံးမရှိပါဘူး။ မြန်မာစာ သုံးနေတဲ့ ဋီကာ၊ ဌာန၊  ဌာန်၊  ဝဍ္ဎန (ဝဋ်ဎန)၊  ကဏ္ဍ၊ ပဏာမ၊ မဏ္ဍပ် အစရှိတဲ့ စကားလုံးမျိုးတွေ ရေးတဲ့အခါများမှာတော့ အသုံးပြုရတာပေါ့။   အဲဒီစကားတွေက ပါဠိသက်စကားတွေကိုး။    အဲဒီတော့ မြန်မာမှုနဲ့  မြန်မာစာ၊ မြန်မာစကားအနက် အဓိပ္ပာယ်အကြောင်းပြောတဲ့အခါ အဲဒီ ဋ-ဝဂ်ဗျည်းအက္ခရာတွေကို  ချန်ထားရတယ် လေ။ ဒီလိုဆိုတော့ ဝဂ်ဗျည်းအက္ခရာအလုံး ၂၀ ပဲကျန်တော့တယ်နော်။ တစ်ခါဝဂ် ဗျည်းအက္ခရာ ၂၀ ထဲမှာလည်း တတိယ က္ခရာတွေဖြစ်တဲ့  ဂ၊ ဇ၊  ဒ၊  ဗ  နဲ့ စတုတ္ထက္ခရာတွေဖြစ်တဲ့ ဃ၊ ဈ၊ ဓ၊ ဘ တို့မှာက မြန်မာမှုအနေနဲ့ အနက်မရှိကြပြန်ဘူး။ ဒါကြောင့် ဝဂ်ဗျည်း ၂၅ လုံးထဲမှာ ဋ-ဝဂ် ငါးလုံးနဲ့ ကျန်တတိယက္ခရာလေးလုံး၊ စတုတ္ထက္ခရာလေးလုံးကိုဖယ်လိုက်ရင် ပထမက္ခရာ လေးလုံး(က၊ စ၊ တ၊ ပ)၊ ဒုတိယက္ခရာ လေးလုံး (ခ၊ ဆ၊ ထ၊ ဖ)၊ ဝဂ္ဂန္တလေးလုံး (င၊ ည၊ န၊ မ)တို့ပဲ ကျန်တော့တာပေါ့။  အဲဒီမှာ အနက်စွဲ၊  အသံစွဲကိစ္စနဲ့မဆိုင်တဲ့  ဝဂ္ဂန္တလေးလုံးကိုမထည့်တော့ဘဲ အနက်စွဲ၊ အသံစွဲနဲ့ဆိုင်တဲ့ ဗျည်းတွေကိုပဲပြောရရင် -

က၊ စ၊ တ၊ ပ

ခ၊ ဆ၊ ထ၊ ဖ

တို့နဲ့ရေးရင် အနက်စွဲအရေးလို့ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဗျည်းရှစ်လုံး

မှာ မြန်မာမှုအရအနက်ရှိလို့ပဲ။  ဒီလိုမှ မဟုတ်ဘဲ -

ဂ၊ ဇ၊ ဒ၊ ဗ

ဃ၊ ဈ၊ ဓ၊ ဘ

တို့နဲ့ရေးရင်တော့  အသံစွဲအရေးလို့ ခေါ်တယ်လေ။  ဘာကြောင့်လဲဆိုတော့ အဲဒီဗျည်းရှစ်လုံးမှာ မြန်မာမှုအရ အနက် မရှိဘဲ အသံထွက်အတိုင်း  စာလုံးပေါင်း  ရေးသားတဲ့အခါမျိုးမှာသာ  သုံးရလို့ပဲပေါ့။ အသံထွက်အတိုင်း  စာလုံးပေါင်းရေးသားရာ မှာလည်း စနစ်အတိုင်းဆိုရင် ပထမက္ခရာ တွေကို တတိယက္ခရာတွေနဲ့၊ ဒုတိယက္ခရာ တွေကို စတုတ္ထက္ခရာတွေနဲ့  အသံဖလှယ် ရေးသားသုံးစွဲကြရမှာဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပထမက္ခရာ၊ ဒုတိယ က္ခရာနှစ်မျိုးလုံးကို တတိယက္ခရာ၊ စတုတ္ထ က္ခရာ  သင့်ရာရာနဲ့  ဖလှယ်သုံးစွဲတာကို လက်ခံနေကြရတယ်။ အသံထွက်တဲ့နေရာ မှာ  မြန်မာ့အာ၊ လျှာအရ ဂနဲ့ဃ အသံတူ နေတာ၊ ဗနဲ့ဘ အသံတူနေတာဟာလည်း သင့်သလို အက္ခရာဖလှယ်သုံးစွဲနေကြတဲ့ အချက်တွေထဲမှာ တစ်ချက်ပါပဲ။ အဲဒီတော့ သေချာတဲ့အချက်က  တတိယက္ခရာနဲ့ပဲ  တွေ့တွေ့၊ စတုတ္ထက္ခရာနဲ့ပဲတွေ့တွေ့ အနက်အဓိပ္ပာယ်သိချင်ရင် ပထမက္ခရာ၊ ဒုတိယက္ခရာ တစ်မျိုးမျိုးကိုပြောင်းပြီး အနက်အဓိပ္ပာယ်ရှာကြည့်လိုက်ဖို့ပါပဲ။

အနက်စွဲအရေးမှာတော့  အထူးပြောဖို့ မရှိပါဘူး။ ရေးတဲ့အတိုင်း အနက်ထင်ရှား ပြီးသားပဲ။ တစ်ခုမှတ်ဖို့ရှိ တာကတော့ အနက်စွဲအရေးမှာ ရေးတဲ့အတိုင်း  အသံ ထွက်ရတာမျိုးရှိသလို ရေးတဲ့အတိုင်း အသံ

မထွက်ရတာမျိုးလည်း ရှိတယ်ဆိုတဲ့အချက်ပေါ့။  ရေးတဲ့အတိုင်း အသံမထွက်ရတာ  (အသံထွက် အတိုင်းလိုက်မရေးတာ)ကိုတော့ ရေးတော့အမှန် ဖတ်တော့အသံလို့ဆိုကြပါစို့။  သာဓက နည်းနည်းလောက်ပြရဦးမယ်။

ကုပ်ပိုး၊ ကယ်ပေါက်၊ ကြားဖြတ်အစီရင်ခံစာ၊ ကျွမ်းဘား၊ ခုံးတံတား၊ ချို(ဦးချို)၊ ချိုးငှက်၊ ခွကျ၊ ခွေလှိမ့်၊ စံရွေး၊ စောင်း(အနားစောင်း)၊ ဆတူ၊ ဆီးသီး၊ ဆိုးခနဲဆတ် ခနဲ၊ တုတ်တပြက်ဓားတပြက်၊ တုံးတုံးချ၊ ထောင့်မှန်၊ ထောင့်အရပ်၊ ထိတ်ထိတ်ကြဲ၊ ပေါ်ကြော့(လူပေါ်ကြော့)၊ ကန်ပေါင်၊ မှန်ပေါင်၊ ပေါင်းလန်အောင်၊ ပျံကျဈေးသည်၊ ဖြန်းဖြန်းကွဲ၊ ဖြုန်းကျောက်၊ ဖြုန်းကြော ဆိုတာမျိုးတွေပေါ့။

ညီလေး အဲဒီသာဓကစကားလုံးတွေကို ဖတ်ရင် ရေးတဲ့အတိုင်းမဖတ်ဘဲ အသံပြောင်းပြီးဖတ်မှာပါနော်။ အေး၊ ဝေါဟာရမှန်သမျှကို အနက်စွဲအတိုင်းပဲရေးရမယ်လို့လည်း တရားသေမမှတ်လိုက်နဲ့ဦးညီလေး။ အသံစွဲ ကိုလိုက်ပြီး ရေးသင့်တာတွေလည်းရှိလေရဲ့။ မြန်မာစာအဖွဲ့ကပြုစုတဲ့ မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်းမှာ  အနက်စွဲအရေးနဲ့ အသံစွဲအရေးကို ထိုက်သင့်သလို ချင့်ချိန် ဆုံးဖြတ်သတ်မှတ်ပြဋ္ဌာန်းထားတာကို တွေ့နိုင်တယ်။

ကဲ၊ အနက်စွဲအရေးနဲ့ အသံစွဲအရေး အကြောင်းကို ဒီလောက်နဲ့ရပ်ပြီး ညီလေး မေးထားတဲ့ ဖူး နဲ့ ဘူး ဘယ်လိုကွာ သလဲ၊ ဘယ်လိုကွဲကွဲပြားပြားခွဲခြားမှတ်ရမလဲဆိုတဲ့ကိစ္စဆက်ကြရအောင်။ ဒီမှာလည်း ဖူးက အနက်စွဲအရေး၊ ဘူးက အသံစွဲ အရေးဆိုတာ အထူးပြောဖို့မလိုတော့ဘူးနော်။         

(ဆက်လက်ဖော်ပြပါမည်)