၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ ၊အမျိုးသားအုပ်စုပတ်လည် ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ နိုင်ပွဲများရရှိ၊ အမျိုးသမီးအုပ်စု ပတ်လည်ပြိုင်ပွဲများတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ နိုင်ပွဲများရရှိ
နေပြည်တော် ဩဂုတ် ၁၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပပြီး ယနေ့ပွဲစဉ်များအဖြစ် အမျိုးသားအုပ်စုပတ်လည်ပွဲစဉ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ နိုင်ပွဲများရရှိကာ အမျိုးသမီးအုပ်စုပတ်လည် ပွဲစဉ်များတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ်ဖြင့် လည်းကောင်း၊ (အမျိုးသမီး) အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ချင်းပြည်နယ်အသင်းကို ၇ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၅ ဂိုး ဂိုး မရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားပြီး ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား)အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ (အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို မြန်မာ့ဖူဆယ် အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက ဖူဆယ် အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စု စိတ်ဓာတ် ပိုမိုထွန်းကား ပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဖူဆယ်အားကစား နည်း ပိုမိုပြန့်ပွားလာစေရေး၊ လူငယ်ထုအတွင်း ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါ ဝင်စားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဩဂုတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၄ သင်း စုစုပေါင်း ၅၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။