ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

 

ယမန်နေ့မှအဆက်

မြန်မာနိုင်ငံ၌  ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင် ယူနစ်သန်းပေါင်း (ကီလိုဝပ်နာရီသန်း) ၂၃၅၅၇ ဒသမ ၈၆ သန်းထုတ်လုပ်ရာတွင် CO2 ၅၉၄၅ဝ၅ဝ မက်ထရစ်တန် ထုတ်လွှတ်ခဲ့သည့်အတွက် တစ်ယူနစ် ပျမ်းမျှ CO2 ၂၅၂ ဂရမ် ထုတ်လွှတ်ခဲ့သည်ဟု ဆိုနိုင်သည်။

သုံးစွဲနေသောဓာတ်အားတွင် ၆ဝ ရာခိုင်နှုန်းခန့်မှာ အိမ်သုံး၊ ရုံးသုံးများဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံးမှာ ပျမ်းမျှ ၄ဝ ရာခိုင်နှုန်းခန့်ရှိသည်။

စီးပွားရေးလုပ်ငန်းသုံးများတွင်လည်း ကုန်တိုက်ကြီးများ၊ စားသောက်ဆိုင်ကြီးများ ပါဝင်သည်။ ဓာတ်အားခစျေး သက်သာမှုကို ၎င်းစီးပွားရေး လုပ်ငန်းရှင်များ အလိုလားဆုံးဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ၎င်းတို့ လစဉ်ပေးနေရသောဓာတ်အားခမှာ သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိနေ၍ဖြစ်သည်။ သို့သော် ယင်းလုပ်ငန်းတိုင်း လိုလိုကို လေ့လာကြည့်ပါ။ မလိုအပ်ဘဲ ကြမ်းပေါ်တွင် အရိပ်မထင်လောက်သည်အထိ မျက်နှာကြက်တွင်  မီးလုံး၊  မီးချောင်းများ   အပြည့်ထွန်းညှိ ထားကြသည်ကို မြင်ရပါလိမ့်မည်။

ပြည်သူတစ်ဦးချင်းစီကလည်း ဓာတ်အားခတက်မည်ကို အလွန်စိတ်ပူကြသည်။ ပြည်သူတစ်ဦးချင်းစီနှင့် ဝန်ထမ်းတစ်ဦးချင်းစီသည်လည်း မိမိနေအိမ်နှင့်  ရုံးများတွင် ဓာတ်အားလျှော့သုံးနိုင်မည့် နည်းလမ်းများကို ရှာသင့်သည်။ လွယ်ကူပါသည်။ ချက်ချင်း လုပ်လို့ရသည့်ကိစ္စမှာ မလိုအပ်သော ရုံးတွင်းရုံးပြင်၊ အိမ်တွင်းအိမ်ပြင်နေရာများတွင် ဓာတ်အားပိတ်ထားပြီး လိုအပ်သည့်နေရာမှာသာ သုံးရန်ဖြစ်သည်။ မည်သည့်မီးကို လျှော့ရမည်ကိုမူ မိမိအိမ်ကိစ္စ၊ မိမိရုံးကိစ္စ မိမိအသိဆုံးဖြစ်သည်။ မိမိခန္ဓာကိုယ်ထဲတွင် သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ တီဗွီကြည့်လည်း ဒီစိတ်၊ ရုံးတက်၊ ရုံးဆင်းလည်း ဒီစိတ်၊ အိပ်ခါနီးလည်း ဒီစိတ် ကိန်းအောင်းနေရန်သာ လိုသည်။ အိမ်တိုင်း၊ ရုံးတိုင်းတွင် ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ ဓာတ်အားလျှော့ချ သုံးစွဲနိုင်သောနေရာများ တွေ့ပါလိမ့်မည်။ နောက်ထပ်လုပ်နိုင်သည်မှာ သာမန်အလင်းရရုံသာ လိုအပ်သည့်နေရာများတွင် မီးလုံး၊ မီးသီးများကို ဝပ်အားလျှော့ပြီး သုံးရန်ဖြစ်သည်။

နောက်ထပ် အချိန်ယူလုပ်ရမည့်ချွေတာနည်းမှာ ဓာတ်အားချွေတာရေး လျှပ်စစ်ပစ္စည်း (Energy Saver) များ ပို၍ သုံးပေးရန်ဖြစ်သည်။ ချက်ချင်းမီးလုံးအားလုံးကို မလဲနိုင်ပါက လစဉ် တစ်နေရာတွင် တစ်လုံးခန့် လဲလှယ်ပေးသွားလျှင် လအနည်းငယ်အတွင်း အိမ်ရှိမီးလုံး အားလုံး လဲလှယ်ပြီးစီးသွားမည်။

ဤနေရာတွင် မေးခွန်းတစ်ခုတက်လာသည်။  ဓာတ်အားသုံးစွဲမှု ရှစ်ဆမှ ကိုးဆအထိ သက်သာစေမည့်မီးလုံးများ(Energy Saver)သည် သာမန်မီးလုံးထက် သုံးဆမှ ငါးဆခန့်အထိ ငွေပိုပေးရသည့်အတွက် ငွေကြေးကုန်ကျမှုများပြီး  သိပ်မထူးပါ။    ဓာတ်အားခကုန်ခြင်းနှင့် မီးလုံးတန်ဖိုးများကုန်ကျမှု  နှိုင်းယှဉ်လျှင်  စီးပွားရေးအရ  တွက်ခြေမကိုက်ဟုဆိုသူများ တွေ့ဖူးသည်။

အမှန်တကယ်လဲလှယ်ကြည့်ပါ။ စျေးကြီးသည်ဆိုသော Energy  Saver မီးလုံးတိုင်းကို ရောင်းသူက တစ်နှစ်အာမခံနေ့စွဲပါ မီးလုံးပေါ်တွင် ရေးပေးလိုက်သည်။ တခြားမီးလုံးများကိုမူ ဤသို့  အာမခံမပေးပါ။ ရေရှည်တစ်နှစ်ပတ်လည်သောအခါ  ဓာတ်အားခတွက်ခြေပြန်ကိုက်သလို မီးအလင်းရောင်လည်း ပို၍ရလာသည်ကိုတွေ့ရမည်။ ဤသည်မှာ CO2  ကိစ္စနှင့်ဆက်စပ်၍  စီးပွားရေး တွက်ခြေကိုက်မှုကို ကြားဖြတ်ဖော်ပြခြင်းဖြစ်သည်။

စာရေးသူသည် စီးပွားရေးတွက်ခြေကိုက်မှု တစ်ခုတည်းသာကြည့်ပြီး Energy Saver ကိုသုံးရန် တိုက်တွန်းခြင်းမဟုတ်ပါ၊ မိမိတို့နိုင်ငံသည် ဓာတ်အားသုံးခွင့်ရရှိသူ   မိသားစုမှာ   တစ်နိုင်ငံလုံး၏ ထက်ဝက်သာ ရှိပါသေးသည်။

နောက်ထက်ဝက်အတွက် နိုင်ငံတော်က ကြိုးပမ်းနေဆဲဖြစ်သည်။ ၂ဝ၃ဝ  ပြည့်နှစ်တွင်  တစ်နိုင်ငံလုံးမီးလင်းရေး  ဦးတည်ချက်ထားပြီး ဆောင်ရွက်နေသည်။

သို့သော် ၎င်းဓာတ်အားပမာဏအတွက် ဓာတ်အားလိုင်းသွယ်တန်းမှု သက်သက်ပင်လျှင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃ဝ ဘီလီယံ ကျော်လိုအပ်ပါလိမ့်မည်။ ဤငွေကို နောက်ကိုးနှစ်အတွင်း ဆောင်ရွက်ပေးရန် ဆိုသည်မှာ လွယ်ကူမည်မဟုတ်ပေ။ ငွေလိုသည်၊ ပစ္စည်းလိုသည်၊ ပညာလိုသည်။  ငွေ၊  ပစ္စည်း၊  ပညာများမှာ   အခြေအနေပေါင်းစုံမှ ရရှိနိုင်မည်။ သူ့ထက်ပို၍ခက်ခဲသည်မှာ အချိန်ကိုးနှစ်အတွင်း လက်ရှိဓာတ်အားထက် နှစ်ဆမှ သုံးဆအထိ  လိုသောဓာတ်အား ပမာဏကို ထုတ်လုပ်ပေးရေးမှာ ပို၍ခက်ခဲသည်။ ဓာတ်အားရလျှင်ပြီးရောဆိုကာ တွင်းထွက်လောင်စာမီးရှို့၍ ဓာတ်အားပေးနိုင်ရန် ဦးစားပေးဆောင်ရွက်လျှင်လည်း CO2 ကိစ္စက တိုးလာမည်။ ဓာတ်အားခစျေးနှုန်းလည်း တက်လာမည်။

မကြာသေးမီ   ငါးနှစ်အတွင်း   ဆောင်ရွက်ခဲ့သော  တစ်နိုင်ငံလုံး ဓာတ်အားရရှိရေး(National Electrification Plan-NEP) ဆိုသည်မှာ လက်ရှိ ၆၆ ကီလိုဗို့၊ ၃၃ ကီလိုဗို့ ဓာတ်အားလိုင်းများမှ သင့်တင့်သော အကွာအဝေးတွင်ရှိသည့်  မြို့ရွာများအား  ရှိပြီးဓာတ်အားလိုင်းထဲမှ ဓာတ်အားကို ထုတ်ယူဖြန့်ဖြူးခဲ့ခြင်းသာဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ်အထိ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၄ဝဝ သာ NEP အတွက် ခွင့်ပြုချက် ရသေးသည်။ နောင်လိုအပ်ငွေ  ဒေါ်လာ ၅ဝ ဘီလီယံနီးပါးကို မည်သူကမျှ  ထောက်ပံ့ပါမည်၊  ချေးငှားပါမည်ဟု အာမမခံပါ။  မိမိနိုင်ငံ၏ စီးပွားရေး အခြေအနေအရပ်ရပ်ကိုလည်း ပြန်လည်သုံးသပ်ရန်လိုသည်။

အားလုံးခြုံငုံ သုံးသပ်ရလျှင် လက်ရှိဓာတ်အားအသုံး နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်နေသည်။ ဤတိုးတက်မှုနှုန်းကို ပြည့်မီအောင် ပံ့ပိုးဆောင်ရွက်ပေးရန် ခက်ခဲပါလိမ့်မည်။

ဤအခြေအနေတွင် ဓာတ်အားသုံးစွဲခွင့်   လက်ဝယ်ရောက်ရှိနေသူတိုင်းက     ဓာတ်အားသုံးစွဲမှုကို     အတတ်နိုင်ဆုံး ချွေတာသုံးစွဲလျှင် နောက်ထပ် ဓာတ်အားမရရှိသေးသော ပြည်သူတချို့အတွက် ကူညီရာရောက်ပါလိမ့်မည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံတွင် အိမ်ထောင်စုသန်းပေါင်း ၁ဝ ဒသမ ၈၇၇ သန်းရှိပြီး မြို့နေ ၃ဝ ရာခိုင်နှုန်း၊ ကျေးလက်နေ ၇ဝ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။

၂ဝ၂ဝ  ပြည့်နှစ်တွင်   NEP  အရ  ဆောင်ရွက်ပေးခဲ့မှုအများစုမှာ ဖြန့်ဖြူးရေးဓာတ်အားလိုင်းများနှင့် နီးသောဒေသများမှ မိသားစုများအတွက်သာ ဦးစားပေးခဲ့ကြသည်။ အဓိကကျန်ရှိနေသည်မှာ ပို၍ဝေးလံသော တိုင်းရင်းသားမိသားစုများ ဖြစ်မည်မှာ သေချာသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး   တစ်နှစ်စာသုံးစွဲခဲ့သော ဓာတ်အား၏ ၆ဝ ရာခိုင်နှုန်းသည် အိမ်သုံး၊ မိသားစုသုံး၊ ရုံးသုံးများဖြစ်၍ ဤဓာတ်အားသည်  နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝဝဝ ကျော်ရှိသည်။

ဤပမာဏထဲမှ ယူနစ်သန်းပေါင်း ၁၄ဝဝ ခန့် လျှော့သုံးပေးနိုင်ခဲ့လျှင် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံသုံးရုံ တည်ဆောက်မှုနှင့် ညီမျှသော ဓာတ်အားကို  ချွေတာနိုင်သည့် သဘောဖြစ်ပါလိမ့်မည်။ ဤစက်ရုံသုံးရုံ ထပ်မံတည်ဆောက်ရန်မှာ အနည်းဆုံးခြောက်နှစ်မှ ၁ဝ နှစ်ခန့်အထိ ကြာနိုင်သည်။   တစ်ပြိုင်နက်   သုံးရုံတည်ဆောက်လျှင် ဒေါ်လာသန်း ၉ဝဝ ခန့်ကုန်မည်။ ကိုးနှစ်အတွင်း အပြီးတည်ဆောက်မည် ဆိုလျှင် နှစ်စဉ် ဒေါ်လာသန်း ၁ဝဝ ခန့်လိုမည်။ ဓာတ်အားအသုံး ၁ဝ ရာခိုင်နှုန်း ချွေတာလိုက်လျှင် ဤငွေကုန်စရာ မလိုတော့ပါ။

အိမ်ထောင်စုတစ်စုလျှင် လစဉ် ယူနစ် ၅ဝဝ ခန့် သုံးစွဲနိုင်သော မိသားစုပေါင်း ၂၈ သိန်းခန့်ကို ဓာတ်အားမျှဝေပေး နိုင်ပါလိမ့်မည်။ ဤပမာဏမှာ  လူဦးရေ တစ်သိန်းခွဲခန့်ရှိသော  မြို့  ၁၅  မြို့စာခန့်ကို ဓာတ်အား ပေးနိုင်သော ပမာဏဖြစ်သည်။

ဤကိစ္စ  ထိုင်းနိုင်ငံကို ဥပမာပေးပါမည်။ ထိုင်းနိုင်ငံသည် ၂ဝ၃၆ ခုနှစ်အထိ  စွမ်းအင်ချွေတာရေး အစီအစဉ်  ရေးဆွဲပြီးဖြစ်သည်။ ၂ဝ၃၆ ခုနှစ်နောက်ပိုင်းတွင် နှစ်စဉ် ကီလိုဝပ်နာရီသန်း(ယူနစ်သန်း) ၈၉၆၇၂သန်းအထိ ချွေတာနိုင်လိမ့်မည်ဟု ဆိုသည်။     

 ဆက်လက်ဖော်ပြပါမည်။