၂၀၂၃-၂၀၂၄ ဘောလုံး ရာသီအတွက် PFA တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမား ဆုအတွက် ဆန်ခါတင် ကစားသမား စာရင်းထုတ်ပြန်

 

၂၀၂၃-၂၀၂၄ ဘောလုံး ရာသီအတွက် PFA တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမား ဆုအတွက် ဆန်ခါတင် ကစားသမား စာရင်းထုတ်ပြန်လန်ဒန်    ဩဂုတ်  ၁၃

‌    ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း  (Professional  Footballers  Association-PFA)  က ချီးမြှင့်ပေးအပ်မည့် PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု အတွက်  ဆန်ခါတင်ကစားသမား စာရင်းထုတ်ပြန်ရာ   မန်ယူအသင်းမှကစား သမားနှစ်ဦး ပါဝင်လာကြောင်း သိရသည်။

PFA   တစ်နှစ်တာ  အကောင်းဆုံး လူငယ်ကစား သမားဆုကို ‌ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းက   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားနေသည့် အသက် ၂၁ နှစ်အောက် ကစားသမားများထဲမှ စိစစ်ရွေးချယ် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီက သက်ဆိုင်ရာ ကလပ်အသင်းများနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် အသက်  ၂၁ နှစ်အောက် ကစားသမားများမှ နောက်ဆုံး ဆန်ခါ တင် ကစားသမား‌‌ခြောက်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

PFA  တစ်နှစ်တာ  အကောင်းဆုံး လူငယ်ကစားသမားဆုအတွက်  ဆန်ခါတင်ကစားသမား ခြောက်ဦးစာရင်းတွင် မန်ယူအသင်း ကွင်းလယ်ကစားသမား ကိုဘီမိုင်နူး၊ တိုက်စစ်ကစားသမား ဂါနာချို၊ ချယ်လ်ဆီး အသင်း   တိုက်စစ်ကစားသမား    ကိုးလ်ပယ်မာ၊ အာဆင်နယ်အသင်း တိုက်စစ်ကစားသမား ဆာကာ၊  ပဲလေ့စ်အသင်း     ကွင်းလယ် ကစားသမားဟောင်း အိုလီဆီ၊ ဘရိုက်တန်အသင်း တောင်ပံကစားသမား ဂျာအိုပက်ဒရီတို့ ပါဝင်လာသည်။

PFA   တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုအတွက်    ဆန်ခါတင်ကစားသမား စာရင်းတွင် ပါဝင်လာသူများထဲမှ  အာဆင်နယ်အသင်းနှင့်အတူအကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် ဆာကာ နှင့်    ပြီးခဲ့သည့်ဘောလုံးရာသီက  မန်ယူအသင်းတွင် အဓိက ကစားသမားများအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် ကိုဘီမိုင်နူး နှင့်   ဂါနာချိုတို့က   ထိပ်ဆုံးမှ   ရပ်တည်လျက်ရှိ သည်။

‌PFA   တစ်နှစ်တာ   အကောင်းဆုံး လူငယ်ကစား သမားဆုကို    ၁၉၇၃-၁၉၇၄   ဘောလုံးရာသီက စတင်ပေးအပ်ခဲ့ပြီး ရိုင်ယန်ဂစ်၊ ရော်ဘီဖောင်လာ၊ ဝိန်းရွန်းနီ၊   အလီနှင့် ဖီးလ်ဖိုဒန်တို့က နှစ်ကြိမ်စီ ရရှိထားကာ အများဆုံး ရရှိထားသည့် ကစားသမားများအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Dates: 
Wednesday, August 14, 2024 - 13:15