ဖာနန်ဒက်စ်ကို လင်ဂတ်လစာနှုန်းဖြစ်သော တစ်ပတ်ပေါင် နှစ်သိန်းအထိ တိုးပေးပြီး မန်ယူစာချုပ်သက်တမ်းတိုးရန် စီစဉ်

မန်ယူအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီဈေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၄၇ သန်းဖြင့်ခေါ်ယူခဲ့သော ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်၏ ခြေစွမ်းနှစ်ခြိုက်သဖြင့် လက်ရှိပေးထားသော တစ်ပတ်လစာပေါင် တစ်သိန်းမှ နှစ်ဆတိုးပေးပြီး ပေါင်နှစ်သိန်းပေးကာ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ ရောက်ပြီးနောက် ၃၇ ပွဲသာ ကစားပြီးချိန်တွင်  ၂၂  ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီး ပေးထားနိုင်ရာ လက်ရှိရနေသောလစာသည်  ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် လင်ဂတ်ထက်  နှစ်ဆနည်းနေသဖြင့် မန်ယူအသင်း တာဝန်ရှိသူများက လင်ဂတ်ရရှိနေသော တစ်ပတ်လစာပေါင်  နှစ်သိန်းအထိတိုးပေးပြီး စာချုပ်သက်တမ်း တိုးလိုခြင်း ဖြစ်သည်။ မန်ယူအသင်းသည်  ဖာနန်ဒက်စ်ကို လေးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူခဲ့ရာတွင် ယခုမှ စာချုပ်သက်တမ်း ၁၁ လသာရှိသေးသော်လည်း စာချုပ်သစ်တစ်နှစ်ထပ်တိုးရန် ယခုကဲ့သို့ လစာ တိုးပေးပြီး ကမ်းလှမ်းနေခြင်းဖြစ်သည်။ လက်ရှိ မန်ယူအသင်းတွင် ဂိုးသမား ဒီဂီယာသည် လစာအများဆုံး ရနေသူဖြစ်ကာ တစ်ပတ်ပေါင် ၃၅၀၀၀၀ ရရှိ နေပြီး  ပေါ့ဂ်ဘာသည်  ပေါင် သုံးသိန်းအထိ ရရှိနေသည်။  လင်ဂတ်သည် တစ်ပတ်ပေါင် နှစ်သိန်းရရှိနေသလို အရန်ဂိုးသမား ဒင်းဟန်ဒါဆန်သည်ပင် လျှင် တစ်ပတ်ပေါင်  နှစ်သိန်းရရှိနေသောကြောင့်  ဖာနန်ဒက်စ်ကဲ့သို့ အသင်း ကိုဦးဆောင် ကစားနိုင်သူကို  လစာနှစ်ဆတိုးပေးရန်  မန်ယူဘက်မှ စီစဉ်နေခြင်းဖြစ်သည်။ 

Ref:Dailymail