အင်တာမီလန်အသင်းက အဓိက တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို
မီလန် ဩဂုတ် ၁၃
အင်တာမီလန်အသင်းက အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် မာတီနက်ဇ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် မာတီနက်ဇ်သည် ၂၀၁၈ ခုနှစ်က အာဂျင်တီးနားကလပ် ရေဆင်းအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ နောက်ပိုင်း ဘောလုံးရာသီများတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
မာတီနက်ဇ်သည် ၂၀၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက စပါးအသင်း၊ ဘာစီလိုနာ အသင်းတို့နှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် မာတီနက်ဇ် က အသင်းမှ ထွက်ခွာမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး အသင်းနှင့် ဆက်လက်လက်တွဲရန်သာ ဆုံးဖြတ်ခဲ့သည်။
မာတီနက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အင်တာမီလန်အသင်း အီတလီစီးရီးအေ ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးခဲ့ရာတွင် အသင်း၏ အရေးပါဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အီတလီ စီးရီးအေပြိုင်ပွဲတွင် ၂၇ ဂိုးသွင်းယူနိုင်ခဲ့ကာ အီတလီစီးရီးအေပြိုင်ပွဲ၏ သွင်းဂိုးအများဆုံး ကစားသမားဆု ရရှိခဲ့သည့်အပြင် အီတလီစီးရီးအေပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်သည် အထိ ခြေစွမ်းပြနိုင်ခဲ့ကြောင်း သိရသည်။