မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၁၃)တွင် မြဝတီအသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၁၃
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက် ရှိနေသည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြဝတီအသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်း၌ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ မြဝတီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး မြဝတီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၈ မိနစ်နှင့် ပွဲချိန် ၈၇ မိနစ်တို့တွင် လှယဉ်ဝင်းက သွင်းယူပေးနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၂၇ မိနစ်တွင် ဝင်းစန္ဒာက သွင်းယူပေးနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ISPE အသင်း နှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၉ မိနစ်တွင် လင်းမြင့်မိုရ်၊ ပွဲချိန် ၁၄ မိနစ်တွင် ရွှေရည်ထွန်းနှင့် ပွဲချိန် မိနစ် ၃၀ တွင် နုနုတို့က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃) အဖြစ် ဩဂုတ်လ ၁၄ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ဧရာဝတီအသင်းနှင့် YREO အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။