တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၁၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကြွေပန်းကန် (၇၆၈၃) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၁၉၁၄၀)ကို လည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ ပုံး(၁၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Asia Star Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၁၉၁၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်တွင် ဘုရားကြီးမြို့၊ မြို့အဝင်၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ် ပုစွန်တစ်ကောင် စားအုန်းဆီ(၁၈)လီတာပါ ပုံး(၁၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)နှင့် တောင်ငူမြို့၊ ဘုရင့်နောင်စျေး၊ ရွှေခေတ်မန်း ကားဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန် တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ ပုံး(၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၁၂ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၂ ဒသမ ၀၆၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁၁၃၉)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၈၁၁၃၉)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဩဂုတ်လ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကံတလူပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Toyota Harrier မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၌ လိုင်စင်မဲ့ Toyota Corolla မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဩဂုတ် လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၉၀၀၂၇၉)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။