ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဆပ်ဖာဖရီဂက်စ်၏ ဂိုးဖန်တီးမှု အကြိမ်ရေကို မန်စီးတီးအသင်းမှ ဒီဘရိုင်းလိုက်မီ
မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဒီဘရိုင်း သည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် ကစားသည့် မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို ၄ ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးကစားသမား စာရင်းတွင် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဆပ်ဖာဖရီဂက်စ်၏ဂိုးဖန်တီးမှုအကြိမ်ရေကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ဒီဘရိုင်းသည် ပွဲချိန် ၁၃ မိနစ်တွင် ဂါဗယ်ဒီလိုသွင်းယူသည့် သွင်းဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှုအကြိမ်ရေ ၁၁၁ ကြိမ်အထိရှိလာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးကစားသမားစာရင်းတွင် ဆပ်ဖာဖရီဂက်စ်၏စံချိန်ကို လိုက်မီနိုင်ခဲ့ကာ ပူးတွဲဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည့်အပြင် ယခုဘောလုံးရာသီတွင် ၁၆ ပွဲကစားပြီး ဂိုးဖန်တီးမှု ကိုးကြိမ်ပြုလုပ်ထားနိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ရွိုင်ယန်ဂစ်က ၁၆၈ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ဒီဘရိုင်းက လိုက်မီနိုင်ရန် ၅၇ ကြိမ် လိုအပ်လျက်ရှိသည့်အတွက် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။
Ref;Goal.com