မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး

 

မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး

 

       ပြီးခဲ့သော ၂၀၂၄  ခုနှစ်  ဇူလိုင်လ  ၂၆ ရက် နံနက်ပိုင်းတုန်းကဖြစ်၏။ နံနက် ၇ နာရီခွဲ   ရုံးသို့ရောက်သည်နှင့်   တာဝန်ကျဆတ်သားလေး လာပို့သော သတင်းစာကို ဖတ်လိုက်ရပြီးနောက် ယခုဆောင်းပါးအား ရေးသားဖြစ်ခဲ့ပါသည်။   ဝမ်းသာစရာသတင်းတစ်ခုကို  ဦးဆုံးတွေ့ရပြီး မရှေးမနှောင်းမှာပင် ဝမ်းနည်းစိတ်ပျက်ဖွယ်သ တင်းတစ်ခုကို ဖတ်ရသည်။ 

အခုလို  စိတ်ပျက်စရာကောင်းသော  သတင်းမျိုးကို  ရှေ့တွင်လည်း  တစ်ကြိမ်မကတွေ့ခဲ့ရဖူးသည်။ ဝမ်းသာဖွယ် သတင်းကောင်းအား ဦးဆုံးတင်ပြလိုသည်။

အဆိုပါ ဝမ်းသာဖွယ် သတင်းကောင်းဟူသည်မှာ  မကြာမီ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး  ကျင်းပတော့မည်ဟု သိရခြင်းကြောင့် ဖြစ်၏။ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်၏။  ယခုဆိုလျှင် ငွေရတုအချိန်အခါ သမယကို ရောက်ရှိခဲ့ချေပြီ။    (၂၅) ကြိမ်ကာလပတ်လုံး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပရာတွင် လူအား၊ ငွေအား၊ အချိန်အားများစွာ ပေးဆပ်ခဲ့ကြရ၏။   ရိုးရာယဉ်ကျေး မှုအနုသုခုမပညာရပ်များ    မတိမ်ကော မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရခြင်းနှင့် လက်ဆင့်ကမ်းပေးရခြင်းမှာ  လွယ်ကူသည်မဟုတ်ပေ။ အမျိုးသားရေး ယဉ်ကျေးမှုလက္ခဏာများကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်ဟုခံယူသော အစိုးရများ လက်ထက်တွင်သာ   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များပြန်လည် ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြသည်ကို သမိုင်းမှတ်တမ်းများတွင် အထင်အရှားတွေ့ခဲ့ရသည်။ 

တစ်ခါတုန်းက အာဖရိကကျောင်းသားတချို့ကို သတိရမိသည်။  ၂၀၁၁ ခုနှစ်ဝန်းကျင်ကဖြစ်၏။  စာရေးသူရုရှားနိုင်ငံတွင်    ပညာသင်ယူနေစဉ်    အာဖရိကကျောင်းသားများနှင့် ဆုံခဲ့ရ၏။    စာရေးသူတို့က ပုဆိုးနှင့် တိုက်ပုံမဝတ်သော်ငြား လွယ်အိတ်ကိုတော့ အမြတ်တနိုးလွယ်ကာ  ကျောင်းတက်ကြသည်။ အခြားအာရှကျောင်းသားများသည်လည်း နိုင်ငံတော်ဝတ်စုံကို မဝတ်ဆင်ကြ။    သင့်လျော်ရာဖက်ရှင်ဖြင့်သာ ကျောင်းတက်ကြသည်။ အာဖရိကကျောင်းသားများမှာမူ  အများအားဖြင့် သူတို့ရိုးရာဝတ်စုံများ ဝတ်ဆင်လျက်  ကျောင်းတက်ကြလေ့ရှိသည်။ မြန်မာ့ကာယဗလ ဖခင်ကြီး ဦးဇော်ဝိတ် မြူးနစ်အိုလံပစ် သွားရောက်ယှဉ်ပြိုင်စဉ် တောင်ရှည်ပုဆိုး၊ ငွေရောင်ခေါင်းပေါင်း၊ တိုက်ပုံများဝတ်လျက် မြို့ထဲလျှောက်လည်သဖြင့်    နိုင်ငံခြားသားများ စိတ်ဝင်တစား ကြည့်ခဲ့ကြသည်ဆိုသော   ဖြစ်စဉ်ကိုလည်း တိုက်ဆိုင်စွာ သတိရမိပါသည်။

ယဉ်ကျေးမှု ထိန်းသိမ်းမှု အားနည်းသဖြင့် ယနေ့ကမ္ဘာပေါ်တွင်  ပျောက်ကွယ်သွားသော နိုင်ငံများရှိခဲ့ပြီးဖြစ်၏။  စာရေးသူတို့ငယ်စဉ်က မြဝတီရုပ်မြင်သံကြားနှင့်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှစ်လိုင်းသာ အဓိကကြည့်ရှုရသည်။ အခြားစလောင်းနှင့် ဖမ်းယူရသော ရုပ်သံလိုင်းများသည်  ငွေကြေးတတ်နိုင်သူများသာ တပ်ဆင်နိုင်၏။ ထိုစဉ်ကာလ တိုင်းသစ်ပြည်သစ် ဖွံ့ဖြိုးမှုလမ်းကြောင်းသစ်ဆီ လျှောက်လှမ်းနေချိန်တွင်  နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲများကိုပါ  ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခဲ့၏။   မှတ်မိနေပါသေးသည်။ ထိုစဉ်က ဟောင်ကောင်ဇာတ်လမ်းတွဲများတွင် မင်းသမီးတို့သည် စကပ်အရှည်ဝတ်ဆင်ရာတွင် ပေါင်ရင်းအထိ  မသိမသာ ခွဲထားကြ၏။

စကြည့်ခါစတွင်  စာရေးသူတို့လို ကလေးအရွယ် များအတွက်ပင်  မျက်စိအမြင်မတင့်တယ်သလို ခံစားခဲ့ရ၏။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာသည်။    သူတို့က  တစ်မျိုးတစ်ဖုံ ဆန်းသစ်လာ၏။  မိန်းကလေးများ အရက်ဘီယာသောက်သည့် အခန်းများ၊ မင်းသားက မင်းသမီးကို ကျောပိုးသည့်အခန်းများ၊ အမိအဖကို သားသမီးက ပြန်လည်နှုတ်လှံထိုးသည့် အခန်းများ  တစ်စတစ်စ ဝင်ရောက်လာသည်။   ယနေ့အချိန်ထိ မပျောက်ကွယ်သေးသော ပြကွက်များအဖြစ် ရှိနေဆဲဖြစ်၏။

တိုးတက်မှု၏နောက်တွင်   မယူတတ်သဖြင့် ဆုံးရှုံးသွားသည့်  ယဉ်ကျေးမှု အမွေအနှစ်များ မနည်းတော့လေပြီ။ ချက်ချင်းကြီးမဟုတ်သော်လည်း မျက်စိယဉ်နားယဉ်ကာ   ဆယ်စုနှစ်တစ်ခုပြီး တစ်ခုကျော်လာသည့်နောက် ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာများ လျော့ပါးလာရသည်မှာ  မျက်စိရှေ့တွင်ဖြစ်သည်။ ထိုသို့မဖြစ်ရလေအောင် နိုင်ငံတော် အနေဖြင့်   ယခုကဲ့သို့ အဆို၊ အက၊  အရေး၊ အတီးပြိုင်ပွဲများကို    တိုင်းနှင့်ပြည်နယ်အဆင့်မှသည်  နိုင်ငံတော်အဆင့်အထိ   ဖော်ထုတ်လျက်  ပညာရှင်ကြီးများ၏ အားကိုယူကာ  မျိုးဆက်သစ်ဝါသနာရှင် မောင်မယ်များကို   မွေးထုတ်ပေးလျက်ရှိသည်။ 

ဗုဒ္ဓဘာသာ  မြန်မာနိုင်ငံသား စစ်စစ်တစ်ယောက်အနေဖြင့်   အရိုးပေါ်အရွက်မဖုံးအောင် ပြုလုပ်ဆောင်ရွက်ပေးသော  ယခုကဲ့သို့  အမျိုးသားရေး ဇာတိမာန်ထက်သန်စေသည့်  ပြိုင်ပွဲကြီးများ  နှစ်စဉ်ဖော်ထုတ်ပေးနေခြင်းကို  ကျေးဇူးတင်ဝမ်းသာမိသည်။                 

နောင်သတင်းတစ်ခုမှာမူကား မောင်နှင့်နှမ၊ သားနှင့်အမိ၊ သမီးနှင့်အဖေ၊ ဆရာနှင့်တပည့်တို့ အချင်းချင်းရှေ့တွင် မကြည့်ဝံ့ နားမထောင်ဝံ့သော  တေးသီချင်းဗီဒီယိုထုတ်လွှင့်မှုကို အရေးယူရန်ဖော်ပြသည့် သတင်းဖြစ်၏။ မြန်မာ့ယဉ်ကျေးမှုနှင့် အလွန်အမင်းဆန့်ကျင်သည့်အတွက် တရားဥပဒေအရ အရေးယူရသည်အထိ ဖြစ်ပျက်ခဲ့မှုသည် အလွန်ဝမ်းနည်းဖွယ် ကောင်းလှပေသည်။ အဆိုပါ တေးသီချင်းဗီဒီယိုကို မည်သည့်ရည်ရွယ်ချက်အစစ်ဖြင့် လူမှုကွန်ရက်တွင်ဖြန့်ခဲ့သည်ကို ကာယကံရှင်များသာ သိကြပါလိမ့်မည်။ ယခုနှစ်အတွင်း စာရေးသူတို့ ငယ်စဉ်ကျောင်းသားဘဝက “ ယောက်ဖရေ” တေးသီချင်းဖြင့် တစ်တိုင်းပြည်လုံး အောင်မြင်မှုရခဲ့သည့် အဆိုတော်ဒွန်း၏“ဟင်းကောင်းချက်သောနေ့” သီချင်းသစ်ထွက်ခဲ့သည်။ လေးနှစ်အရွယ်ကလေးများ ပါးစပ်ဖျားအထိ  သီချင်းက အောင်မြင်မှုရခဲ့သည်။ သူတို့သည် အနုပညာကို  မြန်မာ့ဓလေ့စရိုက်နှင့်မဆန့်ကျင်ဘဲ ရိုးသားစွာဖန်တီးပြီး   ပရိသတ်အသိအမှတ်ပြုခံယူခဲ့ကြသည်။ ထိုသို့သော အနုပညာရှင်များနှင့် ဆန့်ကျင်စွာ အဓိပ္ပာယ်လွဲမှားမှု ဖြစ်စေနိုင်သော စာသားများကို အမြင်မသင့်တော်သည့် ကင်မရာပြကွက်များဖြင့်  လူ့အခွင့်အရေးနှင့်အနုပညာဟု ခေါင်းစဉ်တပ်ကာ  ရိုက်ကူးနေကြသော၊  သရုပ်ဆောင်နေကြသော မျိုးဖျက်သမားများကို ထိထိရောက်ရောက် အရေးယူသင့်ပေသည်။  ထိုဗီဒီယိုမရိုက်ရသဖြင့်၊ ထိုသို့ မတင်ဆက်ရသဖြင့် မည်သည့်လူ့အခွင့်အရေးမျှ  ဆုံးရှုံးမှုမရှိပါချေ။ ပိုဆိုးသည်ကား လူထုအကြားပေါက်သည်ဟု ဆိုသည့်  နားကြားမသင့်တော်ဖွယ် သီချင်းနှင့်  သရုပ်ဖော်ချက်များကို ကျောင်းကပွဲများတွင် တင်ဆက်စေခြင်းပင်ဖြစ်၏။

တာဝန်ရှိသူများ  ကြိုတင်စိစစ်သင့်သော အရာတစ်ခုဖြစ်ကြောင်း အကြံပြုလိုပေသည်။ 

တစ်ဖန်ဆက်ရသော် အတိုအပြတ် အဝတ်အစားများ ဝတ်ဆင်လျက် အများမြင်ကွင်းရှေ့ ထွက်လာသော မိန်းမငယ်လေးများကိုလည်း   မြင်တွေ့ရပါသေး၏။

ဘုရားဓာတ်လှေကားကိုရောက်မှ   စကပ်ဒူးကျော်သဖြင့် ဘုရားပေါ်တက်ခွင့်မရှိကြောင်း ရှင်းလင်း ပြောကြားမှုမြင်ကွင်းများကိုလည်း မျက်စိရှေ့မြင်တွေ့ခဲ့ရပါသေး၏။   အုပ်ထိန်းသူများပါသည့်တိုင်အောင်  နားမလည်သည့်ဟန် ရှိသည်က ပို၍ဆိုးလှ၏။  ဘုရားသွားမည်ဟုဆိုလိုက်သည်နှင့် မည်သည့်အဝတ်အစား ဝတ်ရမည်ကို  ရှင်းပြစရာမလိုလောက်အောင်ပင်       သိထားရပေမည်။

မည်သို့ပင်တားမြစ်ချက်များ ဘုရားရင်ပြင်တော်တွင် ထုတ်ပြန်ထားသည်ဖြစ်စေ    အလေးမထားဘဲ ဝတ်ဆင်လာသူများကို  မြင်တွေ့နေရဆဲဖြစ်သည်။ 

တာဝန်ရှိသူများ  ပြောကိုပြောရမည့် တာဝန်ရှိပေသည်။      

တစ်ကြိမ်မကတော့သော သရုပ်ပျက် တင်ဆက်မှုများ လူမှုကွန်ရက်ပေါ်တွင် မြင်တွေ့ရသည့်အတွက် “ မြန်မာပြည်ဖွားမှ ဟုတ်ပါလေစ” ဟူသော အတွေးသံသယဖြင့် မချင့်မရဲဖြစ်မိသည်။ တစ်ဖက်တွင်လည်း ၁၉၉၃ ခုနှစ်မှစတင်ကာ အမျိုးသားရေး ယဉ်ကျေးမှုရေသောက်မြစ်ကြီး ဆက်လက်ရှင်သန် နိုင်စေဖို့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ငွေအား၊ အချိန်အား၊ လူအားများ စိုက်ထုတ်သုံးစွဲ၍ တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ပေးနေသဖြင့်    စိတ်သက်သာရာရမိသည်။ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာဝါသနာရှင်မောင်မယ်များ အဆက်မပြတ် ပေါ်ထွန်းနေသည်ကို တွေ့ရသဖြင့်လည်း အားရကျေနပ်မိသည်။ ယခုဆိုလျှင် ငွေရတုအကြိမ်မြောက်အဖြစ် ကျင်းပနိုင်တော့မည်ဖြစ်၏။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတို့တွင် သတ်မှတ်ထားသော ဇာတ်တော်ကြီးများ၊ တေးသီချင်းများနှင့် ကကွက်အဖုံဖုံကို လေ့လာကြည့်လျှင်   ရှေးယခင်ကာလကတည်းက ရှိခဲ့ပြီးဖြစ်သည့်    မြန်မာလူမျိုးတို့၏ မြင့်မားသည့်ယဉ်ကျေးမှု အဆင့်အတန်းကို မြင်တွေ့ကြရပေမည်။  အဆို၊ အက၊ အရေး၊ အတီး  အနုသုခုမပညာရပ်များတွင်   အများကလေးစားရသော ဝတ်စားဆင်ယင်မှု၊   လူသားတို့စောင့်ထိန်း လိုက်နာအပ်သော ကိုယ်ကျင့်သိက္ခာ၊  မိမိတို့လူမျိုးများ    ရှာဖွေဖော်ထုတ်ထားသော   ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု စသည်တို့ကိုတွေ့ရှိရမည်။

အနှစ်ချုပ်ဆိုရပါက ထိန်းသိမ်းသင့်သော မြန်မာ့ယဉ်ကျေးမှုအမွေကို ကာကွယ်စောင့်ရှောက်ကာ အောင်မြင်မှုဆီ ချီတက်စေလိုမိသည်။ ဖြတ်လမ်းမှ လိုက်သောအောင်မြင်မှုသည်   ရေရှည်မခံတတ်ပေ။ မြန်မာလိုဝတ်၍ ကမ္ဘာလိုတွေးခေါ်ကြံစည်နိုင်မှသာ  ခေတ်နဲ့အညီ ဖန်တီးနိုင်စွမ်းရှိသော အနုပညာလက်ရာများကို ပြည်သူအများ အဆိပ်အတောက်ကင်းကင်း စားသုံးနိုင်မည်ဟု မျှော်လင့်မိသည်။ ထိုသို့သောမျှော်လင့်ချက်နှင့်အတူ  မကြာမီ ကျင်းပတော့မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမိပါသည်။      ။