ဘန်လေအသင်းနှင့် လူတန်အသင်းတို့ ရှုံးပွဲကိုယ်စီတွေ့ကြုံခဲ့ပြီးနောက် ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရ
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၇)အဖြစ်ကစားသည့်ပွဲစဉ်တွင် ဘန်လေအသင်းက စပါးအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမပြီးဆုံးမီ ဘန်လေအသင်း တန်းဆင်းခဲ့ရကာ ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ခဲ့သည့် လူတန်အသင်းသည်လည်း တန်းဆင်းရန်သေချာလျက်ရှိကြောင်း သိရသည်။
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘန်လေအသင်းသည် စပါးအသင်းကို ရှုံးနိမ့်ပြီး နောက် ၃၇ ပွဲကစားပြီးချိန်တွင် ငါးပွဲသာအနိုင်ရရှိကာ ကိုးပွဲသရေရလဒ်နှင့် ၂၃ ပွဲအထိရှုံးပွဲတွေ့ကြုံ ခဲ့သည်။ ဘန်လေအသင်းသည် အဆင့် (၁၉)နေရာ၌ ရပ်တည်နေပြီး အဆင့်(၁၇)နေရာ၌ရပ်တည်နေသည့် နော်တင်ဟမ် အသင်းနှင့် ငါးမှတ်သာကွာဟလျက်ရှိရာ ပြိုင်ပွဲပြီးဆုံးရန်မှာလည်း တစ်ပွဲသာ ကျန်ရှိတော့သည့်အတွက် တန်းဆင်းရန် သေချာနေခြင်း ဖြစ်သည်။
ဘန်လေအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တက်ရောက် လာနိုင်သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်ဆိုးများကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ တစ်ရာသီသာကစားခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့်ဘောလုံးရာသီက ဘန်လေအသင်းနှင့်အတူ တန်းတက်လာခဲ့သည့် ရှက်ဖီးလ်ယူနိုက်တက် အသင်းသည် အစောပိုင်းကတည်းက တန်းဆင်းခဲ့ရသကဲ့သို့ လူတန်အသင်းသည်လည်း ဝက်စ်ဟမ်း အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ရမှတ် ၂၆ မှတ်ဖြင့် အဆင့်(၁၈)နေရာ၌ ရပ်တည်နေပြီး အဆင့်(၁၇)နေရာမှ နော်တင်ဟမ်အသင်းနှင့် သုံးမှတ်ကွာဟနေသည့်အပြင် ဂိုးကွာခြားချက်မှာလည်း ၁၂ ဂိုးအထိရှိနေသည်။
ထို့ကြောင့် လူတန်အသင်းအနေဖြင့် နောက်ဆုံးပွဲစဉ်အဖြစ် ကစားမည့် ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်တွင် အနည်းဆုံး ၁၂ ဂိုးပြတ်နှင့်အထက် အနိုင်ရရှိရန် လိုအပ်နေသောကြောင့် တန်းဆင်းရန်သေချာစေခဲ့ကြောင်း သိရသည်။
Ref;B/R Football