မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ပြည်ပနည်းပြချုပ်သစ် ပြန်လည်ခန့်အပ်ရန် စီစဉ်နေကြောင်း ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်ကပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မူလက နယ်သာလန်အသင်းနည်းပြဟောင်း ဗစ်တာဟာမန်းကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ရန် မေလကတည်းက အကြိုသဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
သို့သော် ဗစ်တာဟာမန်းသည် ဖိလစ်ပိုင် လက်ရွေးစင်အသင်း၌ နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူနေသည့်အတွက် ၎င်းင်းအစား အသစ်ပြန်လည်ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်သည်။
ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး၌ ဖူဆယ်လက်ရွေးစင်နည်းပြချုပ် ပြန်လည်ခန့်အပ်ရေး ထည့်သွင်းဆွေးနွေးခဲ့သည်။
ဗစ်တာဟာမန်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်းမှာ နည်းစနစ်အကြံပေးအဖြစ် လုပ်ဆောင်နေတဲ့အတွက် သူ့အစား ပြည်ပနည်းပြတစ်ဦးကို ပြန်ခန့်ဖို့ ရှာဖွေပါမယ်။ နည်းပြချုပ်သစ်ကို လာမယ့်ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာခန့်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ပြည်ပနည်းပြအတွက် ထိုင်းလိဂ်က ဖူဆယ်ကလပ်အသင်းတွေကနေ သင့်တော်တဲ့နည်းပြကို စောင့်ကြည့်ပြီး ရွေးချယ်ဖို့လျာထားပါတယ် ဟု ဒေါက်တာရဲမွန်ထွဋ်ကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းကို ပြည်ပနည်းပြအဖြစ် ၂၀၁၉ ခုနှစ်က အီရန်နိုင်ငံသား နည်းပြရီဇာက နောက်ဆုံး တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၎င်းနောက်တွင် ပြည်တွင်းနည်းပြ ဦးဌေးမြင့်က နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်မရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ဆီးဂိမ်းနှင့် အာဆီယံဖူဆယ်ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ကိုရဲ