မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကိုဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်သွားသူ
ဗြိတိန်အမျိုးသားတစ်ယောက်က ၄၃ နှစ်တာကာလအတွင်း မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
သူ့အနေနဲ့ နာရီပေါင်း ၃၃၆၃ နာရီ ၄ မိနစ် ၂ စက္ကန့် အချိန်ယူပြီး မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
သူ့နာမည်ကတော့ စတိအက်ဒဝါ့ပါ။ သူဟာပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အင်္ဂလန်မှာ ကျင်းပတဲ့ မီတန်ကီးနက် မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အဲဒီမာရသွန်ပြိုင်ပွဲဟာ သူ့အတွက် ပွဲ ၁၀၀၀ မြောက်မာရသွန်ပြိုင်ပွဲပါ။ ဒါပေမဲ့သူဟာ မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို အမြန်ဆုံး ပန်းဝင်နိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။
အက်ဒဝါ့က သူ့ရဲ့ပထမဆုံးသောမာရသွန်ပြိုင်ပွဲကို ၁၉၈၁ ခုနှစ် သူ့အသက် ၁၈ နှစ်မှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မာရသွန်ပြိုင်ပွဲတိုင်းမှာ လေးနာရီအောက်နဲ့သာပန်းဝင်ခဲ့တာပါ။
ဒါကြောင့် ပြိုင်ပွဲပေါင်း ၁၀၀၀ မှာ သူ့ရဲ့ပျမ်းမျှပန်းဝင်ချိန်က ၃ နာရီ ၂၁ မိနစ် ၄၇ စက္ကန့်ရှိပါတယ်။
အခုလိုမျိုး မာရသွန်ပြိုင်ပွဲပေါင်း ၁၀၀၀ ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တာဟာ အက်ဒဝါ့တစ်ယောက်တည်း မဟုတ်ပါဘူး။ အက်ဒဝါ့အပါအဝင် စုစုပေါင်း လူ ၅၁ ယောက်ရှိပါတယ်။
ဒါပေမဲ့ ကျန်တဲ့အယောက် ၅၀ စလုံးက အက်ဒဝါ့လိုမျိုး ပန်းဝင်စံချိန်ကိုမမီပါဘူး။ သူတို့အားလုံးက ပျမ်းမျှအားဖြင့် အချိန်လေးနာရီကျော်မှသာ ပန်းဝင်ခဲ့တာပါ။
အက်ဒဝါ့အနေနဲ့ အခုလိုမျိုးကမ္ဘာ့စံချိန်တင်နိုင်ခြင်းဟာ Kate's Home Nursing ဆိုတဲ့ ပရဟိတ အဖွဲ့အတွက်လည်း ရန်ပုံငွေများကို ပိုမိုရရှိစေခဲ့ပါတယ်။ အက်ဒဝါ့ရဲ့ဇနီးဖြစ်တဲ့ ထရီဇာကတော့ အဲဒီပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
Ref: UPI