အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

သေခြင်းတရားကို လူတွေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး

ဒီတစ်ခါ  ကိုအောင်သည်  ဟန်လုပ်ပြုံးတာလား၊   တကယ်ပဲပြုံးချင်လို့လားမသိ။

မြုံစိစိနှင့် ပြုံးပြီး အောင့်ခေါင်းကို တစ်ချက်လှမ်းပုတ်ရင်း...

နင်က ရင့်လှချည်လား

ကျွန်တော် ကိုလတ်ကို သိပ်စိတ်ပူတာပဲ၊ ကိုလတ်သေရင် ကျွန်တော်ရူးမှာ၊ တကယ်ပြောတာ

ကိုလတ်လည်း မသေပါဘူး၊ နင်လည်း မရူးပါဘူးဟာ၊ တောင်တွေးမြောက်တွေး လျှောက်တွေးပြီး ပူမနေပါနဲ့

ကျွန်တော် ကိုလတ်ကို နှမြောတယ်

နံနက်ခင်းပင်ဖြစ်သော်လည်း နေအလင်းသည် စူးလွန်းသည်။

လေသည် ပရမ်းပတာနှင့်ဝှေ့လျက် တိုက်ခတ်လာလေသည်။

စိန်ပန်းပင်ပေါ်မှ ကြွေကျလာသော ပန်းဝတ်လွှာနီနီတို့သည် ဖိနပ်အောက်တွင် ကြေမွကာ ပြားဝပ်ကုန်ကြသည်။

ဤကမ္ဘာလောကနေရာအနှံ့တွင် လူတွေ တစ်နေ့တစ်နေ့ သေဆုံးကြတာ ဒီပန်းတွေ ေ<ကသလောက်များသလားဟု  အောင်ကတွေးလာ သည်။

ရင်ထဲ၌ အလိုလိုမောလာလေသည်။

ဆိုင်ထဲသို့  ဝင်လာကြတော့ ခြေထောက်တွေ  ဘယ်လိုလှမ်းလာမိသည်မသိ။

အောင်သည်  သညာကင်းမဲ့သူပမာ တစ်ခါတစ်ခါ သတိက လစ်နေသည်။

မျက်စိတွေက ကြည့်လျက်နှင့်မမြင်။ နားတွေက ထောင်နေလျက်က မကြား။

ကိုအောင်က   လက်ဖက်ရည်မှာသောက်သည်။ အောင့်အတွက် နွားနို့မှာပေးသည်။

ကိုအောင်သည် ပေါင်မုန့်ကြော်တစ်ချပ်ကို  အောင့်ရှေ့အတင်းထိုးပေးကာ ချော့ကျွေးလိုက်သည်။ သူကလည်း တစ်ခုယူစားသည်။

လက်ဖက်ရည်ဆိုင်ရေဒီယိုမှ သီချင်းသံလာနေပေပြီ။ ၁၀ နာရီတောင် ထိုးနေပြီပဲ။

သီချင်းက ချိုပလီသီချင်း...။

မနေ့ကတွေ့တဲ့လူနဲ့ ဒီနေ့တွေ့တဲ့လူ မတူပါဘူးကွယ်၊ တိမ်မင်ခိုးကို ဘယ်သူတွေအရောင်ဆိုးကာ ထားတယ်၊

သီချင်းက    တစ်ပတ်ထပ်ကျော့ပြန်သည်။     မနေ့ကတွေ့တဲ့လူနဲ့ ဒီနေ့တွေ့တဲ့လူ မတူပါဘူးကွယ်တဲ့။

အောင်သည် မျက်နှာတစ်ချက်ပျက်သွားသည်။

ကိုအောင်၏မျက်နှာသည်လည်း ရုတ်ခြည်းညှိုးကျသွားလေသည်။

ကိုဟန်ညွန့် ရေဒီယိုခလုတ်ကို ပိတ်လိုက်စမ်းပါဗျာ

ခင်ဗျာ

လက်ဖက်ရည်ဆိုင်မှလူကြီးက ကိုအောင့်မျက်နှာကို နားမလည်သလို ငေးစိုက်ကာ ကြောင်ကြည့်နေသည်။

ပန်းကန်ဆေးနေသော  ယောကျ်ားလေးတစ်ယောက်က   ဒီသီချင်းကို လိုက်ဆိုနေသည်။

ဆိုင်မှာ လူတွေရှင်းချိန်မို့ သီချင်းက ပို၍ကျယ်လောင်နေသည်။

ကိုအောင်က  ပေါင်မုန့်စားလက်စတစ်ဝက်ကို ပန်းကန်ထဲပြန်ပစ်ချလိုက်ပြီး...

သြော်...ဒီသီချင်းကို ပိတ်လိုက်ပါလို့

ဟုတ်ကဲ့...ဟုတ်ကဲ့

ကိုဟန်ညွန့်ဆိုသူက ကိုအောင့်စကားကိုတော့ တလေးတစားရှိပုံရသည်။

ကပျာကယာ   ရေဒီယိုနားသွား၍   သီချင်းသံကို ခလုတ်လှည့်ကာ ပိတ်လိုက်လေသည်။

ကိုအောင်သည်   အားနာပါးနာမျက်နှာထားနှင့်  လက်သုတ်ပဝါယူသုတ်ကာ...

ကိုလတ် ဆေးရုံတက်နေရတယ် ကိုဟန်ညွန့်ရ

ဟာ...ဘာဖြစ်လို့ပါလိမ့်ဗျာ

အစာအိမ်ပေါက်တာ

ဖြစ်မှဖြစ်ရလေဗျာ၊ ခု ဘယ့်နှယ်နေသေးလဲ

ဒီမနက်ပဲ ခွဲစိတ်ရတော့မယ်ဗျ၊ ရုတ်တရက် သွေးတွေပါးစပ်ကအန်၊ ဝမ်းတွေလည်းသွားပြီးဖြစ်လာတာ၊ သွေးတွေ သွင်းထားပြီးပြီ၊ အခြေအနေကောင်းလာလိမ့်မယ်ထင်ပါရဲ့ဗျာ

စကားပြောရင်း ညှိုးကျလာသော ကိုအောင့်မျက်နှာ၏ အရိပ်အကဲကို အောင်က အသေအချာထိုင်ဖမ်းနေသည်။

ရင်ထဲ၌ မောသွားသည်။

အသက်ရှူရတာကို ပင်ပန်းသည်ဟု ထင်လာမိသည်။

ကိုအောင့်လိုပင် ပေါင်မုန့်ကို ဆက်စားလို့မရ။

နွားနို့လည်း ကုန်အောင်မသောက်နိုင်တော့။

ကိုအောင်ကတော့ လက်ဖက်ရည်ကို ကပျာကယာ တွန်းမော့ချလိုက်ပြီး ပိုက်ဆံရှင်းကာ ဆိုင်ထဲမှ ကပျာကယာထွက်ခဲ့လေသည်။

ကိုအောင့်ခြေလှမ်းတွေက ခပ်သုတ်သုတ်။

လွယ်အိတ်က သူ့ခြေလှမ်းတိုင်း လှုပ်ယိမ်းနေသည်။

အောင်သည် ကိုအောင့်ခြေလှမ်းကျဲကျဲကို ပြေး၍လိုက်ရလေသည်။

အခန်း (၅၆)

စိန်ပန်းပင်တွေ၊ ပျဉ်းမပင်တွေနှင့် ငုဝါတို့သည် စိမ်းစိမ်းလတ်လတ်နှင့် ဝေဆာနေသည်။

ငုဝါတို့ တုံးစပြုသော်လည်း အရွက်တွေမှာ ထူထပ်သိပ်သည်းလာ

သည်။

ပျဉ်းမအ<ကင်းအကျန်များ ပွင့်နေဆဲ။

စိန်ပန်းပင်တွေ ရဲရဲနီမြန်းသောအသွေးနှင့် အပွင့်များ ထပ်နေသည်။

ကောင်းကင်၏  အပြာမှိန်မှိန်နောက်ခံသည်   နီရဲသောအဆင်းနှင့် စိန်ပန်းပင်ကို ဆေးပန်းချီ ရေးခြယ်စပြုလေပြီ တကား။      

 ဆက်လက်ဖော်ပြပါမည်။