၂၀၂၁ ခုနှစ်တွင် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတစ်ခုသာကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ၂၀၂၁ ခုနှစ် ဘောလုံးရာသီသစ်တွင် လူငယ်လိဂ်ပြိုင်ပွဲကို အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတစ်ခုသာကျင်းပမည်ဖြစ်ကြောင်း   လိဂ်ကော်မတီ၏   သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက   မြန်မာနေရှင်နယ်လိဂ်သည် ယူ-၂၁ နှင့် ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု   ကျင်းပနိုင်ခဲ့သော် လည်း ကလပ်အသင်းများ၏ ဘဏ္ဍာရေး အခြေအနေကြောင့် ယူ-၁၉ လိဂ်ကို ဆက်လက် ကျင်းပနိုင်ခြင်းမရှိဘဲ ယူ-၂၁ လူငယ် လိဂ်ပြိုင်ပွဲတစ်ခုသာ ကျင်းပရန်စီစဉ်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ   ၃  ရက်ကပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး၌      လူငယ်လိဂ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး   လူငယ်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့်  လူငယ်လိဂ်ပြိုင်ပွဲတစ်ရပ်ကို   မဖြစ်မနေကျင်းပရန် စီစဉ်ခဲ့ကာ ကလပ်အသင်းများ၏ သဘောတူညီချက်အရ ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကိုသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လာမယ့်နှစ်မှာ ဘဏ္ဍာရေးအခြေအနေ အရ   လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု ကျင်းပဖို့ မဖြစ်နိုင်တဲ့အတွက် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတစ်ခုပဲ  ကျင်းပဖို့ဆုံးဖြတ်ခဲ့တာပါ။

လာမယ့်နှစ်မှာ ဆီးဂိမ်းရှိတဲ့အတွက် ကစားသမားရွေးချယ်နိုင်ဖို့ ယူ-၂၁ လူငယ်လိဂ်ကိုတော့ မဖြစ်မနေကျင်းပဖို့  အားလုံးက ဆုံးဖြတ်ခဲ့ကြတာပါ။ ကျင်းပမယ့်ကာလကို  အတိအကျ မသတ်မှတ်ရသေးပါဘူး။ 

ဇန်နဝါရီလဆန်းပိုင်းမှာ ပြုလုပ်မယ့်  လိဂ်ကော်မတီအစည်းအဝေးမှာ ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲစတင်မယ့် ကာလကိုပါ ဆွေးနွေးအတည်ပြုမှာပါဟု   မြန်မာနေရှင်နယ်လိဂ် မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်းက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်သည်    ၂၀၂၀ ဘောလုံးရာသီမှစ၍   လူငယ်လိဂ်ပုံစံကို လိဂ်-၁ နှင့် လိဂ်-၂ ကလပ်အသင်းအားလုံး ပါဝင်သည့်လိဂ်အဖြစ်     ပြောင်းလဲကာ ယူ-၁၉ နှင့် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲများ   ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရဲ