ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

 

ယမန်နေ့မှအဆက်

    ယခုကတည်းက ပြည်သူရော အစိုးရပါ နည်းမျိုးစုံသုံး၍ ချွေတာရေး အစီအစဉ် စတင်နေပြီဖြစ်သည်။ ဤအစီအစဉ်တွင် လူတိုင်းချွေတာရေး ကိစ္စအပြင် သုံးစွဲသော လျှပ်စစ်ပစ္စည်းများ၏ စွမ်းဆောင်ရည်ကိုပါ စိစစ်သုံးစွဲကြမည်။ အဆောက်အအုံများ၏ ဒီဇိုင်းကို ပြင်ဆင်ရေးဆွဲကြမည်။

၎င်းတို့ ၂ဝ၃၆ ခုနှစ်တွင် ချွေတာမှုမှ ရရှိလာမည့် တစ်နှစ်စာဓာတ်အား ယူနစ်မှာ မိမိတို့နိုင်ငံ၏ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် တစ်နှစ်ပတ်လုံး သုံးစွဲခဲ့သည့် ဓာတ်အားထက် သုံးဆခွဲခန့် ကြီးမားနေသည်။

လျှပ်စစ်ချွေတာရေးတွင် သဘာဝပတ်ဝန်းကျင်ရှုထောင့်၊  ငွေကြေး ရှုထောင့်၊  လျှပ်စစ်ဓာတ်အားမရသေးသော ပြည်သူများအတွက် မျှဝေ ပေးရေးရှုထောင့် စသည့်ရှုထောင့် သုံးခုစလုံးကို ကြည့်ပေးရန်လိုမည်။

မူလခေါင်းစဉ်ပါလျှပ်စစ်ကဏ္ဍ CO2 လျှော့ချရေးကို ပြန်ကောက်ရလျှင် မိမိတို့နိုင်ငံတွင် ဓာတ်အားတစ်ယူနစ် လျှော့သုံးလျှင် CO2  ၂၅၂ ဂရမ်လျှော့၍ ထုတ်လွှတ်ရာ  ရောက်ပါလိမ့်မည်။  မကြာမီ ကမ္ဘာကြီးပူနွေး လာမှုကို မိမိတို့ကိုယ်တိုင် ခံစားကြရတော့မည်ဆိုသည်ကို နှလုံးသွင်းထားလျှင်  ဤကိစ္စအောင်မြင်နိုင်သည်။

လူသားတို့၏  ပင်ကိုစရိုက်လက္ခဏာအရ  မိမိလက်ဖဝါးပေါ်  မီးခဲ ကျမှသာ ပူမှန်းသိကြသည်က အများစုဖြစ်သည်။ ယခု ကမ္ဘာကြီးပူနွေးလာမှုမှာ လက်ဖဝါးပေါ် မီးခဲကျလာသည်ထက်ပင်  ပို၍ဆိုးသည်ကို သတိပြုကြစေလိုသည်။

သာမန်အားဖြင့် လျှပ်စစ်ဓာတ်အားချွေတာပါဟု ဂျပန်ကိုသွားပြော လျှင် ဂျပန်ပြည်သူများလည်း လူသားပင်ဖြစ်၍ တော်ရုံနှင့် လက်ခံရန် ခက်ခဲပါလိမ့်မည်။ သို့သော် လက်တွေ့ တွေ့ကြုံမှသာ ချွေတာကြသည် ကို နမူနာပြပါမည်။

၂ဝ၁၁ ခုနှစ်တွင် ဆူနာမီငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံမှ ဖူကူ ရှီးမားဒိုင်အိချီ နျူကလီးယားဓာတ်အားပေး စက်ရုံဓာတ်ပေါင်းဖို မတော်တဆမှုတစ်ခုဖြစ်ခဲ့သည်။ ဘေးကင်းရာသို့ လူများရွှေ့ရသည်။ ပြည်သူ တချို့က နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပိတ်ပစ်ရန် ဆန္ဒပြခဲ့ကြသည်။ အစိုးရက အမြန်ဆုံးပိတ်ခဲ့သည်။

ယင်းသို့ပိတ်မည့်အချိန်တွင်    ဂျပန်နိုင်ငံဓာတ်အားစနစ်တွင် နျူကလီးယားဖြင့်  ဓာတ်အားထုတ်လုပ်မှုသည် ၂ဝဝဝ ပြည့်နှစ်ကတည်း က  ကီလိုဝပ်နာရီသန်းပေါင်း  ၃၂၂ဝဝဝ  အထိ  ကြီးမားနေခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံး ကီလိုဝပ်နာရီသန်းပေါင်း ၁ဝ၈၈ဝဝဝ ထုတ်လုပ်နေချိန် ဖြစ်၍   နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုတွင်  ၂၅   ရာခိုင်နှုန်းခန့်အထိ နျူကလီးယားစက်ရုံများက ထုတ်လုပ်ပေးနေခဲ့သည့်အချိန်ဖြစ်သည်။

ဤစက်ရုံများ ရပ်နားပေးလိုက်ချိန်တွင် ပြည်သူများ ချက်ချင်းဒုက္ခတွေ့တော့သည်။ ဓာတ်အားမလုံမလောက်ဖြစ်ကုန်သည်။ ဤသို့ ၂ဝ၁၁ ခုနှစ် ဓာတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖိုများ  ပိတ်ထားရချိန်တွင်  ဂျပန်နည်းပညာ ကုမ္ပဏီအားလုံးသည်   လျှပ်စစ်သုံးစွဲမှု ချွေတာရေး အတွက် လျှပ်စစ်ပစ္စည်းအားလုံး  Energy Saver  ဖြစ်စေရန် တီထွင်ကြသည်။ နှစ်နှစ်မှ သုံးနှစ်ကြား ဂျပန်၏ Energy Saving နည်းပညာမှာ ချက်ချင်း မြင့်တက်သွားသည်။   လေအေးပေးစက်များတွင်လည်း   အလားတူ စွမ်းအင်ချွေတာရေး နည်းပညာများ ပို၍မြှင့်တင်နိုင်ခဲ့သည်။

အဆောက်အအုံများတွင် နေ့အချိန် မီးမထွန်းဘဲ အလင်းရောင်ရစေရန်  ပြုပြင်ကြသည်။  လေအေးပေးစက်များကို  တစ်လုံးချင်းစနစ်မှ အဆောက်အအုံ တစ်ခုလုံးကို အအေးပေးနိုင်မည့် ဗဟိုအအေးပေးစနစ်များ  ပြောင်းလဲသုံးစွဲ၍  ချွေတာလာကြသည်။  လေအေးကို  မျက်နှာကြက်မှချမပေးဘဲ  ကြမ်းခင်းမှဖောက်၍   အအေးပေးသည့်စနစ်ပါသုံးလာသည်။ စွမ်းအင်ချွေတာမှုကို ဘက်စုံလုပ်ဆောင်ကြသည်။

ဤကာလအတွင်း အသိပညာပေးမှု အစီအစဉ်များ ပြည်သူများအကြား ပျံ့နှံ့အောင်  အစိုးရက ဆောင်ရွက်ခဲ့သည်။  လေအေးပေးစက်များ၏ အပူချိန်ကိုပင် ၂၈ ဒီဂရီစင်တီဂရိတ်အောက်သို့ ချခွင့်မပေးတော့ပါ။

ဂျပန်ပြည်သူများသည် ဝတ်စားဆင်ယင်မှုကို အလေးအနက်ထားကြသည်။ အနောက်တိုင်းဝတ်စုံကို နေရာအများစုတွင် အပြည့်အစုံဝတ်ဆင်ကြသည်။ ရုံးနှင့် အဖွဲ့အစည်းများတွင် ကုတ်အင်္ကျီနှင့် နက်ကတိုင် (Necktie) ကို စနစ်တကျတွဲ၍ ဝတ်ဆင်ကြသည်။ ရုံးသွားရုံးပြန် ဤစံချိန်အတိုင်းပင်။  ဧည့်ခံပွဲနှင့် အခမ်းအနားများမှာလည်း  ဤဝတ်စုံ အတိုင်းပင်။

ဤကိစ္စအတွက် တညီတညွတ်တည်း သဘောတူလက်ခံ သုံးစွဲလိုက်ကြသည်မှာ ပူအိုက်သောအချိန်တွင် ကုတ်အင်္ကျီမဝတ်ဘဲ ရှပ်အင်္ကျီကိုသာ ဝတ်ဆင်လာကြသည်။

အကျပ်အတည်းတွေ့တော့မှ ယခင်က အစဉ်အလာအရ လက်ခံလာခဲ့ကြသော ဝတ်စားဆင်ယင်မှုကို လျှော့ချပေးကြတော့သည်။ ရုံးများ၊ အလုပ်ရုံများတွင် ကြီးကြပ်သူများ ကိုယ်တိုင် လျှပ်စစ်သုံးစွဲမှုကို ချွေတာလာကြသည်။ စစ်ဆင်ရေးတစ်ခုကဲ့သို့ ဆောင်ရွက်ချိန်တွင် တစ်နိုင်ငံလုံး က လိုက်နာကြသည်။

မိမိတို့နိုင်ငံတွင် ယခင်ဆယ်စုနှစ် နှစ်ခုကျော်က တစ်နိုင်ငံလုံး လျှပ်စစ် အကျပ်အတည်း အကြီးအကျယ်ကြုံခဲ့သည်။ ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံအတော်များများ ဓာတ်ငွေ့မလုံလောက်၍ ရပ်ထားရသည်ကိုပင် ဒီဇယ်ဆီဖြင့် မောင်းနှင်စေခဲ့သည်။ ဤကာလတွင် (၂ဝဝဝ ပြည့်နှစ်မတိုင် မီနှင့် နောက်ပိုင်းကာလများ) ပြည်သူအများစုမှာ နေ့စဉ် နေ့ဝက်နှင့် အထက် ဓာတ်အားဖြတ်တောက် ခံထားရသည်။

ဝန်ကြီးဌာနများ၊  ဆေးရုံများ၊  နည်းပညာသင် ကျောင်းများတွင်ပင် ရံဖန်ရံခါ ဓာတ်အားပြတ်တောက်ခဲ့သည်။ ဤသည်ကို နိုင်ငံတော် အကြီးအကဲကသိ၍ ဝန်ကြီးဌာနများတွင် မလိုအပ်သည့် မီးများပိတ်ထားရန် ဝန်ကြီးများကို နှိုးဆော်ခဲ့သည်။ ဝန်ကြီးဌာန၏ ဌာနဝန်ထမ်းအများစုသည်လည်း အခန်းများ၏ပြတင်းတံခါးများကို  ပိတ်၊ လိုက်ကာတွေ ဆွဲပြီး မီးချောင်းများ အချိန်ပြည့်ဖွင့်၊ လေအေးပေးစက်များ အချိန်ပြည့် ဖွင့်နေချိန်ဖြစ်သည်။

ဤကိစ္စကို ထိုစဉ်က လျှပ်စစ်စွမ်းအားဝန်ကြီးက စံနမူနာပြ လုပ်ဆောင်ခဲ့သည်။ ရာထူးကြီးကြီးများကိုလည်း စံနမူနာပြကြရန် တိုက်တွန်းခဲ့သည်။  သူကိုယ်တိုင် အခန်းတံခါးအားလုံး လေဝင်လေထွက်ကောင်းအောင် ဖွင့်စေပြီး လေအေးပေးစက် ပိတ်သည်။ ပူအိုက်ပါက ယပ်တောင်ကိုသုံးသည်။ အလင်းရောင်ရမည့် ပြတင်းပေါက်နှင့်နီးရာသို့ ပြောင်း၍ ထိုင်သည်။ ညအချိန် နီးစပ်ရာရုံးများသို့ လှည့်လည်၍ အခန်းမီးများနှင့် တခြားမီးများကို စစ်သည်။ တွေ့ပါက ဌာနအကြီးအမှူးကို ပြောသည်။

သာမန်ပြည်သူအများစု တွေ့ကြုံနေရမှုကို ကိုယ်ချင်းစာပြီး ဓာတ်အား လျှော့သုံးခြင်းဖြင့် ကူညီနိုင်ရန် စဉ်းစားလုပ်ဆောင်ခဲ့သည်။ လျှပ်စစ် ဓာတ်အားရရှိရေး ပင်ပန်းစွာ ဆောင်ရွက်နေကြရသည့် လျှပ်စစ်ကဏ္ဍ တာဝန်ရှိသူများကိုယ်တိုင်   ပူးပေါင်းပါဝင်ရန်   အားနည်းခဲ့သည်ဟု ဆိုရမည်။ အောင်မြင်မှု နည်းခဲ့သည်။ ကိုယ်စီအသိရှိမှ အောင်မြင်မည်ဟု စာရေးသူယူဆသည်။ ကိုယ်စီအသိနှင့် စိတ်ဓာတ်သည်သာ အဓိကကျ သည်ဟု ယူဆသည်။ မလိုအပ်သော လုံခြုံရေးမီး၊ လမ်းမီး၊ အခန်းမီးများ လျှော့ချကြပါ။ ရှိပြီးပြတင်းတံခါးများကို ဖွင့်ကြပါ။ လိုက်ကာများကာထားမှုကို နေရောင်တိုက်ရိုက်ကျသည့် အချိန်မှလွဲ၍ ဖွင့်ပေးကြပါ။

နိုင်ငံရာသီဥတုနှင့်လည်း မကိုက်ညီသည့် တိုက်ပုံအင်္ကျီဝတ်ထားပြီး ပူအိုက်သည်ဆိုကာ လေအေးပေးစက် ဖွင့်ရသည့်ကိစ္စမှာလည်း ခေတ်နှင့် မကိုက်ညီတော့ဟု ဆိုချင်သည်။ ဌာနများမှ တာဝန်ခံအရာရှိအမျိုးသားများမှာ အချိန်ပြည့် တိုက်ပုံများဝတ်ဆင်ပြီး ပူအိုက်မှုကို သည်းခံနေကြရသည်မှာလည်း  အမှန်ပင်။   သင့်လျော်သော ဌာနအရောင်ရှပ်အင်္ကျီ လက်ရှည်ဖြစ်စေ၊ ဒေသအရောင် ရှပ်အင်္ကျီများဖြစ်စေ သတ်မှတ်ပေးပြီး လေအေးပေးစက် သုံးစွဲမှုများ လျှော့ချနိုင်လျှင် လက်တွေ့ကျသောစီမံ မှုဟု ယူဆသည်။

ဆက်လက်ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍမှ  CO2  လျှော့ချရေးကို ဖော်ပြပါမည်။

ဆက်လက်ဖော်ပြပါမည်။