ချယ်လ်ဆီးအသင်းက အဓိက ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာကို နောက်ထပ်နှစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆို
လန်ဒန် ဩဂုတ် ၁၄
ချယ်လ်ဆီးအသင်းက အဓိကကွင်းလယ်ကစား သမားကိုးလ်ပယ်မာကို နောက်ထပ် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ကိုးလ်ပယ်မာသည် ၂ဝ၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံး ရာသီတွင်ပင် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သူဖြစ်သည်။
ကိုးလ်ပယ်မာသည် အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ပါဝင်ကစား ခွင့်ရရှိကာ သွင်းဂိုး ၂၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်နိုင်သည့် အတွက် ချယ်လ်ဆီး အသင်းက နောက်ထပ်နှစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည့်အပြင် လုပ်ခလစာကို ဖော်ပြခြင်း မရှိခဲ့သော်လည်း လက်ရှိရရှိနေသည့် လုပ်ခလစာထက် တိုးမြှင့်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ကိုးလ်ပယ်မာနှင့် ချယ်လ်ဆီး အသင်းတို့ စာချုပ်သက်တမ်းမှာ ၂ဝ၃၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း လက်ရှိကိုးလ်ပယ်မာ၏ခြေစွမ်းပိုင်းကို ဥရောပထိပ်တန်း အသင်းကြီးများက စောင့်ကြည့်လျက်ရှိသောကြောင့် ချယ်လ်ဆီးအသင်းက လက်မလွှတ်လိုသည့် အတွက် ၂ဝ၃၃ ခုနှစ်အထိ နောက်ထပ်နှစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။