ဘာသာထွန်းပြောင် သာသနာ့ဂုဏ်ဆောင် လဝါခေါင်
မြန်မာတို့၏ ဆယ့်နှစ်လရာသီကို လေ့လာကြည့်ပါက ထူးခြားမှုများ ရှိနေသည်ကို သတိပြုမိကြပေလိမ့်မည်။ ထူးခြားချက်မှာ ဆယ့်နှစ်လရာသီတိုင်းမှာ ရာသီပွဲတော်များ ရှိနေသောကြောင့်ဖြစ်သည်။ ထိုဆယ့်နှစ်လရာသီပွဲတော်များမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်များရှိသလို ဘာသာရေးနှင့်ဆိုင်သော အခါတော်နေ့များက ပိုများသည်။
အထိမ်းအမှတ် ပွဲတော်များမှာလည်း ဘာသာရေးနှင့် ဆိုင်သော အထိမ်းအမှတ်ပွဲများက ပိုများပါသည်။
ဥပမာ- ကဆုန်လညောင်ရေသွန်းပွဲ၊ နယုန်လစာပြန်ပွဲ၊ ဝါဆိုလ ပဉ္စင်းခံပွဲ၊ ဝါခေါင်လ စာရေးတံမဲပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ တပေါင်းလ သဲပုံစေတီပွဲစသည်တို့ဖြစ်သည်။ ထိုအထဲတွင် ဘာသာ၊ သာသနာအရေးနှင့် ဆိုင်သောပွဲများ ပါဝင်နေသည်ကို တွေ့ရပေမည်။ ထိုသာသနာရေးပွဲများတွင် ဝါခေါင်လ၏ စာရေးတံမဲပွဲလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဝါခေါင်လနှင့်ပတ်သက်၍ ကုန်းဘောင်ခေတ်နှောင်း စာဆိုပညာရှိဖြစ်သော ယောမင်းကြီး ဦးဘိုးလှိုင်က ဥတုဘောဇနသင်္ဂဟကျမ်း၌ "ဝါခေါင်လသည် ဝသာနဥတုမည်၏။ ဤဥတုသည် စိုစွတ်၏။ ပူတုံအေးတုံရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတိမ်မပြတ်ရှိ၏။ အနောက်လေကျတတ်၏။ ပိုးမွှားနှင့် ခြင်၊ ဖားတို့ပေါများ၏။ မုလေး-ပုန်းညက် စသောပန်းနှင့်ပန်းမျိုးစုံပွင့်ကြကုန်၏"ဟု ဆိုထားကြောင်း သိရသည်။ ဝါခေါင်လ၏ ရာသီမှာ သိဟ်ရာသီဖြစ်
သည်။ ရာသီပန်းမှာ ခတ္တာပန်းဖြစ်ကြောင်းကို ရှေးစာဆိုတို့က " သိဟ်ရာသီမို့၊ ရှုတိုင်းငယ်ဘယ်ညာ၊ ပန်းခတ္တာဝတ်မှုန်ကျင်းတဲ့၊ သင်းပျံ့ချိန်ခါ"ဟု ရေးဖွဲ့ခဲ့ကြသည်။
ဘာသာ၊ သာသနာသည် မြန်မာလူမျိုးတို့၏ အသက်ဟုပင်ဆိုထိုက်သည်။ ထိုကဲ့သို့ဘာသာ၊ သာသနာတည်တံ့ ထွန်းကားဖို့ဆိုလျှင် လူတိုင်းလူတိုင်း ဘာသာရေးကို စိတ်ဝင်စားဖို့လိုသည်။
ယင်းကိုဆယ့်နှစ်လရာသီတိုင်း၌ တွေ့မြင်နိုင်သည်။ ယခုဝါခေါင်လသည်လည်း နေ့ထူးနေ့မြတ်အဖြစ် မေတ္တာအခါတော်နေ့ဖြစ်ပြီး အထိမ်းအမှတ်ပွဲမှာ စာရေးတံမဲပွဲဖြစ်သည်။ စာရေးတံမဲပွဲသည် ဘုရားရှင်လက်ထက်တော် အခါမှစ၍ ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။ ထို့ကြောင့်ဝါခေါင်လသည် သာသနာ့ဂုဏ်ကို ဖော်ဆောင်သောလဟု ဆိုချင်သည်။
မြန်မာတို့၏အလှူပြုကုသိုလ်ပွဲကို ခုနစ်မျိုးခွဲထားသည်ဟုသိရသည်။ ထိုခုနစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သံဃာအားလုံးအား ဆွမ်းကပ်လှူခြင်းဟူသော သံဃဘတ်။
(၂) တစ်ပါး၊ နှစ်ပါးစသည်ဖြင့် ရည်ညွှန်းလှူဒါန်းသော သုဒ္ဒေသဘတ်။
(၃) ပင့်ဖိတ်၍လှူခြင်းဟူသော နိမန္တနဘတ်။
(၄) စာရေးတံမဲချ၍ လှူခြင်းဟူသော သလာကဘတ်။
(၅) လဆုတ်-လဆန်း ပက္ခတို့၌ လှူခြင်းဟူသော ပက္ခိကဘတ်။
(၆) ဥပုသ်နေ့၌ လှူခြင်းဟူသော ဥပေါသထိကဘတ်။
(၇) ဥပုသ်ကျော်တစ်ရက်နေ့၌ လှူခြင်းဟူသော ပါဋိပဒိကဘတ်ဟူ၍ ဆွမ်းခုနစ်မျိုးကို ဘုရားရှင်ခွင့်ပြုထားပါသည်။ ဤကား ဆရာမမြမဉ္ဇူဝေ၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ထိုကုသိုလ်ခုနစ်မျိုးအနက် နံပါတ်လေး ကုသိုလ်ဖြစ်သော ဝါခေါင်လ၏ ကုသိုလ်ပွဲဖြစ်သော စာရေးတံမဲပွဲလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကုသိုလ်ပြုပေးခြင်းသည် ဘာသာသာသနာကို တည်တံ့အောင် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးခြင်းပင်ဖြစ်သည်။
ထို့ကြောင့် စာရေးသူအနေဖြင့် သာသနာ့ဂုဏ်ဆောင်ဖြစ်သော ဝါခေါင်လ၏ ကုသိုလ်ပွဲဖြစ်သည့် စာရေးတံပွဲအကြောင်းကို ဖော်ပြမည်ဖြစ်သည်။
ဝါခေါင်လတွင် မြန်မာလူမျိုးတို့သည် ရဟန်းသံဃာတို့အား စာရေးတံမဲဖြင့် ကျရာသံဃာကိုဆွမ်း၊ ကွမ်း အစရှိသည့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုလှူဒါန်းကြသည်။ စာရေးတံဟူသော စကားသည် ဒါနပြုခြင်း၊ လှူဒါန်းပေးကမ်းခြင်းဟူသော အဓိပ္ပာယ်ရှိသည်"စာရင်ဒါန်"ဟူသော မွန်-မြန်မာစကားမှလည်းကောင်း၊ "ရှာယီဒန်"ဟူသော အာရဗီစကားမှလည်းကောင်း မြန်မာမှုပြုထားသည်ဟု ဆိုသည်။ မြန်မာအဘိဓာန်တွင် စာရေးတံမဲကို"ဆန္ဒပေးရာတွင် လည်းကောင်း၊ ဆွမ်း စသည်တို့ကို ကံစမ်းပေးရာတွင်လည်းကောင်း အသုံးပြုသည့် တုတ်၊ ဝါးခြမ်း"ဟုဆိုသည်။
ယခုခေတ်ဆိုလျှင်စက္ကူမဲလိပ်ဟု အဓိပ္ပာယ်ကောက်ရပေလိမ့်မည်။
စာရေးတံမဲပွဲသည် မြတ်စွာဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့သည်။ ဘုရားရှင်လက်ထက်အခါက ဝေရဉ္စာမြို့၌ အစာရေစာခေါင်းပါးပြီး အသက်မွေးရန်ခက်ခဲသော အဖြစ်နှင့်ကြုံကြရလေသည်။ ထိုအခါလူတို့သည် စာရေးတံလက်မှတ်ဖြင့် အသက်မွေးကြရလေသည်။ စာရေးတံလက်မှတ်ဆိုသည်မှာ ယနေ့ခေတ်အခေါ် လူတို့အတွက် မျှတအောင် စားနပ်ရိက္ခာဝေငှပေးသော စနစ်ဟု ဆိုရပေမည်။
တိုင်းသူပြည်သားတို့သည်လည်း စားနပ်ရိက္ခာ ခက်ခဲသောကြောင့် ရဟန်းသံဃာတော်တို့အား ဆွမ်းလှူရန်အတွက် အခက်တွေ့ကြရလေသည်။
ထိုအချိန်၌ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် ဝေရဉ္စာမြို့သို့ ရောက်ရှိလာကြရာ ရဟန်းသံဃာတော်တို့လည်း ဝေရဉ္စာမြို့၌ ဆွမ်းမရသဖြင့် ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့ထံ ဆွမ်းခံကြရာ တစ်စလယ်စီမျှသော မုယောဆန်ကို ရရှိကြရာ ဆုံ၌ဖွပ်၍ အာဟာရမျှတကြရလေသည်။
ဤကဲ့သို့ဆွမ်းအတွက် အခက်အခဲဖြစ်နေသော ရဟန်းတော်တို့အတွက် မြတ်စွာဘုရားရှင်က အလှူခုနစ်မျိုးမှ တစ်မျိုးဖြစ်သော "သလာကဘတ် ခေါ် စာရေးတံအလှူ"ကို ခွင့်ပြုတော်မူခဲ့သည်။ စာရေးတံမဲဆိုသည်မှာ အက္ခရာအမှတ်အသားပြုရာ ဝါးကိုဆိုလိုသည်။ ထို့ကြောင့် ထိုခေတ်ထိုအခါက ဝါးခြမ်းပြားကိုသာ အသုံးပြုဟန်တူပါသည်။
စာရေးတံမဲပြုလုပ်ရာတွင် မည်သည့်ဒါယကာ၊ ဒါယိကာမက မည်သည့်သံဃာကို ဆွမ်းလုပ်ကျွေးစေဟုသတ်မှတ်ပေး၍မရပါ။ ဆုံးဖြတ်ပေး၍မရပါ။
ထို့ကြောင့် စာရေးတံဝါးခြမ်းပြားပေါ်တွင် သံဃာအရေအတွက်အတိုင်း အက္ခရာအမှတ်အသားပြု၍ အိမ်စဉ်အတိုင်းမဲနှိုက်စေကာ ကျရာသံဃာကို ဆွမ်းလုပ်ကျွေးရခြင်းဖြစ်သည်။ ယခုခေတ်အခါတွင်မူ သံဃာများစုဝေး၍ လှူဖွယ်ဝတ္ထုများကို သံဃာအရေအတွက် အတိုင်းပြုလုပ်ပြီး မဲနှိုက်စေကာ မဲပေါက်ရာ လှူဖွယ်ဝတ္ထုကို မဲပေါက်ရာသံဃာက အလှူခံရခြင်းဖြစ်သည်။
ဒါ့အပြင် ဝါခေါင်လသည် အလှူအတန်းပေးသော လတစ်လဆိုလည်း မမှားပေ။ မဲနှိုက်ပြီးကျရာ ရဟန်းသံဃာတော်များ၏ သပိတ်ကို ယူဆောင်ကာ အလှူအတန်း ပြုကြခြင်းဖြစ်သည်။ ထိုအလှူမျိုးသည် မြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းကရှိခဲ့သည်။ ထိုအလှူသည် မဟာဒုက်အလှူပင်ဖြစ်သည်။ မဟာဒုက်သည် ဆင်းရဲလွန်းသူတစ်ဦးဖြစ်သည်။ တစ်နေ့မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်လှူဖို့ဖိတ်ကြားရာ သံဃာတစ်ပါး သို့မဟုတ် တစ်ပါးထက်ပိုသော ဆွမ်းအတွက် တာဝန်ယူကြလေသည်။ ဆင်းရဲသား မဟာဒုက်လည်း သံဃာတစ်ပါးကိုပင့်ဖိတ် ထားသော်လည်း သံဃာတစ်ပါးစာအတွက် မိမိအမည်စာရင်းမပါပေ။ မဟာဒုက်လည်း မိမိ၏ ရင်ဝသို့လှံစူးသကဲ့သို့ခံစားရလေသည်။ သို့သော် ကံထူးသူမဟာဒုက်သည် မြတ်စွာဘုရားရှင်၏ သပိတ်တော်ကို ရလေသည်။
အနှစ်ချုပ်ဆိုရလျှင် မြတ်စွာဘုရားရှင်ကို သဒ္ဓါကြည်ဖြူလှူဒါန်းရသော အကျိုးကြောင့် ရတနာရွှေမိုးရွာ၍ သူကြွယ်အဖြစ်သို့ရောက်ရှိပြီး သေလွန်သည့်နောက် နတ်ပြည်၌ဖြစ်ရသည်။ မဟာဒုက်၏ အလှူကိုလည်း စာရေးတံအလှူဟုပင် ဆိုနိုင်သည်။ ထိုအလှူသည် မွန်မြတ်သလို သာသနာ ထွန်းလင်းစေဖို့လည်း အထောက်အပံ့ဖြစ်ပေသည်။
ရှေးအခါက စာရေးတံပွဲကို ဘုရင်မင်းမြတ်ကိုယ်တိုင် ပါဝင်ဆင်နွှဲကြသည်။ သက္ကရာဇ် ၆၃ဝ ခုနှစ် ပုဂံမြို့စောလှဝန်းဘုရားကျောက်စာ၌ "မီးဖုန်းသကြန်၊ စာရိယာ(စာရေးတံ) ညောင်ရိပ်သွယ်"ဟူသော စကားအရ စာရေးတံ အလှူသည်ပုဂံခေတ်၌လည်း ထွန်းကားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုန်းဘောင်ခေတ်ဘကြီးတော် လက်ထက်မှာလည်း စာရေးတံအလှူပွဲ ကျင်းပပုံကို မဟာရာဇဝင်ကြီး ဒုတိယတွဲ၌ဖော်ပြထားသည်ဟု သိရသည်။ ထို့ကြောင့် စာရေးတံပွဲသည် ဘုရားရှင်လက်ထက်မှစ၍ ယနေ့အထိ ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြကြောင်း ထင်ရှားသည်။ ထို့ပြင်ဝါခေါင်လစာရေးတံပွဲသည် စားနပ်ရိက္ခာရှားပါးနေသည့်တိုင်အောင် သာသနာအရေးကို ဦးစားပေး လုပ်ဆောင်ကြသောကြောင့် သာသနာရေရှည် တည်တံ့စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးရာရောက်သောကြောင့် ဘာသာထွန်းပြောင် သာသနာ့ဂုဏ်ဆောင် လဝါခေါင်ဟူ၍သာ ဂုဏ်ပြု ညွှန်းဆိုချင်ပါတော့သည်။ ။