၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြုလုပ်

 

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၄ မေ ၁၃ ရက်

တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော်(ရေ)၊ လှေလှော် ရွက်တိုက်အသင်း(အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြ ဆက်သွယ် ရေးဆိုင်ရာပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကြသည်။ ထိုသို့စခန်းပေါင်းစုံပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို တပ်မတော်(ရေ)မှအရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် သင်တန်းအလိုက် ရေတပ်အချက်ပြဆက်သွယ်ရေးဘာသာရပ် (ရေးဖြေ/နှုတ်ဖြေ)ပြိုင်ပွဲ၊ လက်ရိုက်အလံအချက်ပြပို့/ဖမ်းခြင်း လက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ(၅၀၀)ပြိုင်ပွဲနှင့် Optimist ရွက်လှေ ပြိုင်ပွဲတို့အား နေပြည်တော်စခန်း၊ ကျိုင်းတုံစခန်း၊ ဟိုင်းကြီးစခန်း၊ အင်းယား စခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ မန္တလေးစခန်းနှင့် ကိုကိုး ကျွန်းစခန်း စသည့်ရေကြောင်းလူငယ်သင်တန်းစခန်း ၁၀ ခု တို့မှ သင်တန်း သား၊ သင်တန်းသူများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်း သား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ အခြေခံလေကြောင်း လူငယ်သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် အခြေခံစစ်ရေးပြ(လက်နက်မဲ့) ပြိုင်ပွဲကိုလည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ် သင်တန်းစခန်း ၂ ခုမှ သင်တန်းသားများသည် အခြေခံ စစ်ရေးပြ(လက်နက်ပါ)ပြိုင်ပွဲကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

ထို့ပြင် နေ့လယ်ပိုင်းတွင် အခြေခံလေကြောင်းလူငယ် သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် RC Simulator မောင်းနှင်ခြင်းပြိုင်ပွဲကို လည်းကောင်း၊ တန်းမြင့် လေကြောင်းလူငယ်သင်တန်းစခန်း ၂ ခုမှ သင်တန်းသားများသည် Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲကိုလည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများ၊ အုပ်ချုပ်သူနည်းပြ/ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Friday, August 16, 2024 - 04:29