၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၀ နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး ဩဂုတ် ၁၅
၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၀ နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမျိုးသားမီတာ ၈၀၀၊ အမျိုးသမီး မီတာ ၂၀၀ နှင့် အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်း ယှဉ်ပြိုင်နေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊အားကစား ဝါသနာရှင်များ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ၁၆၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိသော ပဲခူးခရိုင်အသင်း၊ ဒုတိယရရှိသော ပြည်ခရိုင်အသင်း၊ တတိယရရှိသော တောင်ငူခရိုင် အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသားတံခွန်စိုက် ပထမဆုရရှိသော ပြည်ခရိုင်အသင်း၊ ဒုတိယရရှိသော ပဲခူးခရိုင်အသင်း၊ တတိယရရှိသော တောင်ငူခရိုင်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် အသက် ၂၀ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုရရှိသော ပဲခူးခရိုင်အသင်းအား စုပေါင်းတံခွန်စိုက် ဆုဖလားနှင့် ငွေသားဆု ငွေကျပ် ၁၅ သိန်းအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။