ဥရောပစူပါဖလား ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းက အတ္တလန္တာအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဖလား ဆွတ်ခူး

 

ဥရောပစူပါဖလား ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းက  အတ္တလန္တာအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဖလား ဆွတ်ခူး

 

မက်ဒရစ် ဩဂုတ် ၁၅

    ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ်   ပိုလန်နိုင်ငံ တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတ္တလန္တာအသင်း တို့ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းက   ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက်   ယခုဘောလုံးရာသီတွင် ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဥရောပစူပါဖလား ဗိုလ်လုပွဲကို     ပြီးခဲ့သည့် ဘောလုံးရာသီက ချန်ပီယံဖလား ဆွတ်ခူးပေးနိုင်ခဲ့သော ရီးယဲလ်မက်ဒရစ်အသင်းနှင့် ယူရိုပါလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် အတ္တလန္တာအသင်းတို့ ကစားခဲ့ ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ လက်ရှိ    နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလ  အသစ်ခေါ်ယူထားသည့်  တိုက်စစ်ကစားသမား အမ်ဘတ်ပီသည် ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားဘ၀ ပထမဆုံးပွဲစဉ်အဖြစ် စတင်ကစားခြင်းဖြစ်ပြီး  အသင်းနှင့် ပထမဆုံးပွဲတွင်ပင်  ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့သည့်အပြင်     ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဥရောပအဆင့်ပြိုင်ပွဲများတွင် အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် အတ္တလန္တာအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ခြိမ်းခြောက်မှု အသာနှင့်  ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ပြီး  ပွဲချိန် ၅၉ မိနစ်တွင် ဗယ်လ်ဗာဒီနှင့် ပွဲချိန် ၆၈ မိနစ်တွင် အမ်ဘတ်ပီတို့က ရီးယဲလ်မက်ဒရစ်အသင်းအတွက်  သွင်းဂိုးများ သွင်းယူနိုင်ပြီး   ယခုဘောလုံးရာသီတွင်  ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ဥရောပစူပါဖလား ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ကိုးကြိမ် ကစားရာ၌ ‌၂၀၀၂-၂၀၀၃ ဘောလုံးရာသီ၊ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ၊ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ၊ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ၊၂၀၂၂-၂၀၂၃ ဘောလုံးရာသီနှင့် လက်ရှိ ၂၀၂၄- ၂၀၂၅ ဘောလုံးရာသီတို့တွင် ချန်ပီယံဆုဆွတ်ခူးနိုင် ခြင်းဖြစ်ပြီး   ၁၉၉၈-၁၉၉၉  ဘောလုံးရာသီ၊ ၂၀၀၀- ၂၀၀၁ ဘောလုံးရာသီနှင့်  ၂၀၁၈-၂၀၁၉  ဘောလုံးရာသီတို့တွင် ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။

အတ္တလန္တာအသင်းသည်     ဥရောပစူပါဖလား ဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ်ပါ၀င် ကစားခဲ့ပြီး  ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။        

 

Dates: 
Friday, August 16, 2024 - 10:24