မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် မြဝတီအသင်းက YREO အသင်းကို ငါးဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် မေ ၁၃
မြန်မာအမျိုးသမီးလိဂ်၂၀၂၄ ပြိုင်ပွဲ ပွဲစဉ် (၂)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ စလင်းအားကစားကွင်း၌ မြဝတီအသင်းနှင့် YREO အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြဝတီအသင်းက ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။
အဆိုပါ ပွဲစဉ်တွင် ပွဲစကတည်းက မြဝတီအသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၆ မိနစ်တွင် ဖြူဖြူထွေးကလည်းကောင်း၊ ပွဲချိန် မိနစ် ၂၀ နှင့် ၃၆ မိနစ်တွင် ရူပါခိုင်ကလည်းကောင်း မြဝတီအက်ဖ်စီအသင်းအတွက် သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် မြဝတီ အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း မြဝတီအသင်းက ခြေစွမ်းပိုင်းအသာ၊ ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်တွင် ရူပါခိုင်ကလည်းကောင်း၊ ပွဲချိန် ၅၈ မိနစ်တွင် ဖြူဖြူထွေးကလည်းကောင်း မြဝတီအသင်းအတွက် သွင်းဂိုးများ ဆက်လက် သွင်းယူနိုင်ခဲ့ပြီး YREO အသင်းက တစ်ဂိုးမှသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြဝတီအသင်းက ရူပါခိုင်နှင့် ဖြူဖြူထွေးတို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် မေလ ၁၄ ရက်(ယနေ့) ညနေ ၄နာရီတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ YREO အသင်းနှင့် ဧရာဝတီအသင်း၊ မေလ ၁၅ ရက် ညနေ ၄ နာရီတွင် စလင်းအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်