တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါ

 

တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါ

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်စီရှိကြသည်။  မြန်မာနိုင်ငံတွင်လည်း တပ်မတော်တစ်ရပ်သာ ရှိရမည်ဖြစ်သည်။ တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်နှင့်အတူ ပေါ်ပေါက်လာပြီး ရရှိထားသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးကာကွယ်စောင့်ရှောက်လျက် ရှိသည်။ လွတ်လပ်ရေးရပြီးကာလအစတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုနှင့် ပြည်ပကျူးကျော်မှုတို့ကို ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိစွာတိုက်ပွဲဝင်ပြီး နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့သည်။

တပ်မတော်သားတိုင်း၏ အမျိုးသားရေးတာဝန်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။ တပ်မတော်သားတိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမည့်ကျင့်ဝတ်(၂၀)ပါး သတ်မှတ်ထားရာတွင် အရေးကြီး ဆုံးသောကျင့်ဝတ်(၃)ပါးမှာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေပါ။ နိုင်ငံတော်၏ တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။ ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါဟူသော ကျင့်ဝတ်များဖြစ်သည်။

တပ်မတော်သားတိုင်းသည် နယ်ဘက်ဥပဒေ၊ စစ်ဘက်ဥပဒေများကိုလိုက်နာကြရသူများဖြစ်ကြသည်။

ထို့ကြောင့် စစ်စည်းကမ်းကိုတိကျစွာလိုက်နာပါဟူသော ကျင့်ဝတ်ကိုလည်းတန်ဖိုးထားကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မေလ ၁၁ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ်   တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အဓိကတာဝန်ရှိပြီး  ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊   တိုက်စွမ်းအား များပြည့်ဝရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေးအတွက် တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့် အရည်အချင်းများနှင့်  တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများ ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန်လိုပြီး  နိုင်ငံတော် ကာကွယ်ရေး၊  လုံခြုံရေးနှင့်ပတ်သက်ပါက   ဖြစ်ပေါ်လာနိုင်သည်များကို  ကြိုတင်မြော်တွေးပြင်ဆင် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားတိုင်းသည် မိမိအားပေးအပ်ထားသော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်သည်။ ဘေးအန္တရာယ်ကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ရဲရဲရင့်ရင့် ရင်ဆိုင်ကြရသည်။ ထိုသို့ရင်ဆိုင် နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ် နှင့်ပြည့်စုံအောင်လည်း ကြိုးစားကြရသည်။ ထို့အတူတပ်မတော်သားတိုင်းတိုက်ပွဲဝင်စိတ်ဓာတ်ရှိနေရမည် ဖြစ်သည်။ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန် သည်အထိတိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကိုအသက်စွန့်ပြီး မြှင့်တင်လိုသည့်စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်တို့နှင့်ပြည့်စုံနေကြရမည်ဖြစ်သည်။

တပ်မတော်သားများ အားလုံးအနေဖြင့် အမြဲတိုက်ပွဲဝင် အသင့်ဖြစ်စေရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။   တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန် လိုသကဲ့သို့ သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေခြင်းသည် မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင် ဖြစ်သည်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ  စည်းကမ်းအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းသည် မိမိတို့ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကိုထမ်းဆောင်ရာတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စစ်လက်နက်နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာသိရှိနေရမည်ဖြစ်သည်။

စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်နေရမည်ဖြစ်သည်။ လေ့ကျင့်ရေးဆောင်ရွက်နေခြင်းသည် စစ်သည်အားလုံး ကျန်းမာရေး ကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး များရရှိလာမည်ဖြစ်သည်။ စစ်သည်တစ်ဦးချင်းစီအလိုက် ၎င်းတို့၏ အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ သင့်လျော်သည့်လုပ်ငန်းတာဝန်များကို နေရာမှန်တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ရန် အမြဲအသင့်ဖြစ်စေရေး (Fit  for Duty) ဖြစ်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းတာဝန်များသည် လည်း ပိုမိုတိုးတက် အောင်မြင်လာမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့်မိသားစုများ၏ သက်သာချောင်ချိရေးအတွက် နေရေး၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့်အခြားအထွေထွေ လိုအပ်ချက်များကို တတ်စွမ်းသရွေ့အမြဲမပြတ် ဖြည့်ဆည်း ပေးလျက်ရှိသည်။ လက်ရှိအချိန်တွင်  နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေရသည့် တပ်များမှစစ်သည်များနှင့် မိသားစုဝင်များအတွက် လည်း ထိုက်သင့်သည့် ချီးမြှင့်မှုများနှင့်    လိုအပ်သည့် သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်သားတို့သည် နိုင်ငံတော်အတွက် ကြီးမားသော တာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်ကြပေရာ မိမိတို့အားပေးအပ်ထားသော တာဝန်များကို အောင်မြင်စွာ ထမ်းဆောင် နိုင်သူများဖြစ်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Friday, August 16, 2024 - 07:27