မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် University အသင်းနှင့် Silver Stars အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိ
ရန်ကုန် ဩဂုတ် ၁၅
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ University အသင်းနှင့် Silver Starsအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ တက္ကသိုလ် အားကစားကွင်း၌ University အသင်းနှင့် Glory Goal အသင်းတို့ကစားခဲ့ရာ University အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး Universityအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၅ မိနစ်၊ ၅၇ မိနစ်၊ ၇၂ မိနစ်နှင့် ၈၅ မိနစ်တို့တွင် ဇော်ဇော်ထိုက် တစ်ဦးတည်းက သွင်းပေးခဲ့ခြင်းဖြစ်ပြီး University အသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ Ayeyawady Rangers အသင်းနှင့် Silver Stars အသင်းတို့ ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများဖြင့် Silver Stars အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး Silver Stars အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၉ မိနစ်တွင် ကျော်ဖြိုးဦး၊ ပွဲချိန် ၄၃ မိနစ်တွင် သက်ဝင်းထွန်းနှင့် ပွဲချိန် ၇၁ မိနစ်တွင် ကျော်ဇေယျတို့က သွင်းယူပေးခဲ့ပြီး Ayeyawady Rangers အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၉ မိနစ်တွင် ထိုက်သူဟန်၊ ပွဲချိန် ၅၄ မိနစ်တွင် ဝေယံဖြိုးတို့က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များအဖြစ် ဩဂုတ်လ ၁၆ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ကချင်ယူနိုက်တက် အသင်းနှင့် ရွှေပြည်သာယူနိုက်တက် အသင်းတို့ ဆက်လက် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။