ရေသတ္တဝါမွေးမြူရေး သတ္တုဓာတ်ပါဝင်မှု အလေးထားပေး

 

ရေသတ္တဝါမွေးမြူရေး သတ္တုဓာတ်ပါဝင်မှု အလေးထားပေး

 

      သတ္တုဓာတ်များသည်   ပမာဏအနည်းငယ်သာ အသုံးပြုရပြီး သက်ရှိသတ္တဝါ အားလုံးအတွက်  မရှိမဖြစ် လိုအပ်သော    အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် အာဟာရဓာတ်များဖြစ်ပါသည်။ ရေသတ္တဝါများအတွက် သတ္တုဓာတ် လိုအပ်ချက် သုတေသနပြုမှု သတင်းအချက်အလက်များ ရရှိမှုသည်  ကုန်းသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလှပါသည်။ ရေသတ္တဝါများသည် အစာနှင့်ရေမှ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များကို ရရှိနိုင်ပါသည်။ သို့ရာတွင် ဓာတ်သတ္တုတစ်မျိုးစီ၏ အရေအတွက် လိုအပ်ချက်များသည် ရေနေသတ္တဝါ မျိုးစိတ်များအပေါ် မူတည်၍ ကွဲပြားခြားနားပါသည်။ အဓိကအားဖြင့် အမြင့်ဆုံး လိုအပ်ချက်အုပ်စု (Macro Minerals) နှင့် အနိမ့်ဆုံး လိုအပ်ချက်အုပ်စု  (Trace Minerals) ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ အမြင့်ဆုံး လိုအပ်ချက်အုပ်စုသည် အရိုး၊  အသား၊  တစ်သျှူးများ ဖြစ်တည်မှုနှင့် ဖွံ့ဖြိုးမှုအတွက်  အဓိကလိုအပ်ပါသည်။ အနိမ့်ဆုံးလိုအပ်ချက်အုပ်စု အနေဖြင့် ဟော်မုန်းနှင့် အင်ဇိုင်းထုတ် အင်္ဂါအဖွဲ့အစည်းများ အတွက် အဓိကလိုအပ်ပါသည်။

Description: C:\Users\dsitd\Desktop\16-8-2024\168262.JPG

      မွေးမြူရေးကန်များအတွင်း သဘာဝ အရင်းအမြစ် ငါးပုစွန်များကို စီးပွားဖြစ် မွေးမြူရာတွင် လိုအပ်သော အာဟာရ လိုအပ်ချက်များကို   ပြည့်ဝအောင် ဖြည့်ဆည်းနိုင်ရန်အတွက် ဖြည့်စွက်စာကျွေးရန် လိုအပ်ပါသည်။ အခြားသော အာဟာရများအပြင် သတ္တုဓာတ်များသည် သက်ရှိသတ္တဝါများ၏   ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ကြီးထွားမှုများကို ရရှိစေရန်အတွက် အနိမ့်ဆုံးလိုအပ်ချက် နှင့်    အမြင့်ဆုံးသော ခံနိုင်ရည်ကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေသည်။

သတ္တုဓာတ်များ၏ အထွေထွေလုပ်ဆောင်ချက်များ

    သက်ရှိသတ္တဝါများ၏  လုပ်ငန်းဆောင်တာများ၌ သတ္တုဓာတ်များနှင့် အနည်းငယ်မျှလိုအပ်သည့် ဒြပ်စင်များ၏ ယေဘုယျ လုပ်ဆောင်ချက်များမှာ-

-    သတ္တုဓာတ်များသည် ဓာတ်ကူပစ္စည်း၊ အင်ဇိုင်းတက်ကြွစေသောအရာများနှင့် ဇီဝဖြစ်ပျက်မှုများတွင်  အခြေခံအကြောင်းရင်းအဖြစ်လုပ်ဆောင်ပါသည်။

-    သတ္တုဓာတ်များသည် အရိုးများနှင့်   သွားများကဲ့သို့သော   အရိုးတည်ဆောက် မှုများအတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ပါသည်။

-    သတ္တုဓာတ်များသည် အာရုံကြောတွန်းပို့မှုနှင့် ကြွက်သားကျုံ့ခြင်းတို့အတွက်  အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

-    သတ္တုဓာတ်များသည် သွေး၏  pH နှင့် အခြားသော   ခန္ဓာကိုယ်အရည်      များကို     ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

-    သတ္တုဓာတ်များသည် ပြင်ပအခြေအနေများတွင် ပြောင်းလဲသော်လည်း အတွင်းပိုင်းတွင် တည်ငြိမ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်ဖြစ်သည့် (Homoeostasis)သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီးတိရစ္ဆာန်ကိုယ်အတွင်း  ရေနှင့် ပျော်ဝင်မှုဖလှယ်မှုကို ထိန်းညှိပေးပါသည်။

Description: C:\Users\dsitd\Desktop\16-8-2024\168263.JPG

သတ္တုဓာတ်ချို့တဲ့မည်ဆိုပါလျှင် ဖြစ်ပွားတတ်သော လက္ခဏာများအနေဖြင့်-

-  ကြီးထွားမှုနှင့်  အစာစားသုံးမှု စွမ်းဆောင်ရည်ကို လျော့ကျစေခြင်း၊

-  ငါး၊ ပုစွန်၊ ကဏန်းများတွင် အခွံပျော့သော ပြဿနာများနှင့် အရိုးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေခြင်း၊

-   သွေးအားနည်းရောဂါ၊    အရိုးပျော့ခြင်း၊    မျိုးရိုးလိုက်သည့်ကြွက်သားသိမ်ရောဂါ စသည့်လက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။

ငါး၊ ပုစွန်၊ ကဏန်းများအတွက် လိုအပ်သော သတ္တုဓာတ်များ

    ကယ်လ်ဆီယမ်ပါဝင်မှု အနေဖြင့် ငါးရံ့၊ တီလားဗီးယားတို့တွင် ဖြည့်စွက်အစာ ၁ဝဝ ဂရမ်တွင် သုည ဒသမ ၇ မှ ၁ ဒသမ ၅ ဂရမ်အထိ ထည့်သွင်းရမည်ဖြစ်သကဲ့သို့ ငါးပါးနီ(Red sea snapper)၊ ရွှေဝါငါးကြင်း၊ ငါးသလောက်နှင့်  ဆယ်လမွန်ငါးများတွင်လည်း   မရှိမဖြစ် လိုအပ်ပါသည်။ အလားတူ ဖော့စ်ဖရတ် ပါဝင်မှုမှာလည်း ငါးရံ့၊  တီလားဗီးယား၊  ရွှေဝါငါးကြင်း၊ ငါးပါးနီ၊ ငါးသလောက်၊ ဆယ်လမွန်ငါး၊ ငါးတိန်း၊  ငါးပုတ်သင်၊  ငါးခွေးလျှာ၊ ကကတစ်၊     ကျောက်ငါးများတွင်  ဖြည့်စွက်အစာ  ၁ဝဝ  ဂရမ်တွင် သုည ဒသမ ၅ ဂရမ်မှ ၁ ဒသမ ဝ၉ ဂရမ်အထိ လိုအပ်ပါကြောင်း သုတေသန ပညာရှင်များ၏   လေ့လာချက်များအရ တွေ့ရှိရပါသည်။  အခြားသတ္တုဓာတ်များဖြစ်သော ပိုတက်စီယမ်၊  ဆိုဒီယမ်ကလိုရိုက်များကိုလည်း လိုအပ်သည့်  အချိုးအစားပမာဏအတိုင်း ဖြည့်စွက်အစာများတွင်  ထည့်သွင်းရမည်ဖြစ်ပါသည်။

   ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများတွင် သတ္တုဓာတ်များသည် မွေးမြူထားသော မျိုးစိတ်များ၏ ကျန်းမာစွာကြီးထွား နိုင်စေရေးအတွက်   ထိရောက်သော အခန်းကဏ္ဍမှပါဝင်ပါသည်။ ထို့ကြောင့် မွေးမြူသည့် မျိုးစိတ်များအလိုက် လိုအပ်သော သတ္တုဓာတ်ဖြည့်စွက်စာများကို အသေးစိတ်တွက်ချက်၍ ကျွေးမည့်အစာများတွင် ထည့်သွင်းရန် လိုအပ်ပါသည်။ သတ္တုဓာတ်များ၏ အချိုးအစားနှင့် အမျိုးအစားများကိုလည်း သေချာစွာသိထားရန် လိုအပ်ပါသည်။   သတ္တုဓာတ်ဖြည့်စွက်စာများကို အချိုးအစား မှန်ကန်စွာ ထည့်သွင်းရန်လည်း အရေးကြီးပါသည်။ ထိုသို့လုပ်ဆောင်ရန်  နည်းစနစ်မှန်ကန်မှု မရှိပါက  ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ခြင်း၊ ရေနေသတ္တဝါ မျိုးစိတ်များ၏ ကျန်းမာမှုနှင့် ထုတ်လုပ်မှု အရည်အသွေးကို  လျော့ကျစေနိုင်မည်ဖြစ်ပါကြောင်း    မှတ်သားဖွယ်ရာ ဗဟုသုတများအဖြစ်    မျှဝေရေးသားလိုက်ရပါသည်။    ။