အစဉ်လေးစားဂုဏ်ယူနေမည် ပြည်သူချစ်သည့် ပြည်သူ့သားကောင်းများ

 

အစဉ်လေးစားဂုဏ်ယူနေမည် ပြည်သူချစ်သည့် ပြည်သူ့သားကောင်းများ

 

ဟိုတစ်နေ့က လမ်းထဲကလူငယ်တစ်သိုက်နှင့် လက်ဖက်ရည်ဆိုင်မှာ စကားစမြည်ပြော ဖြစ်သေးသည်။ အကြောင်းအရာကတော့ တိတိကျကျမရှိ။  ဟိုရောက်လိုက်သည် ရောက်လိုက်ပေါ့။ အဲဒီထဲမှာမှ မှတ်မှတ် ထင်ထင်ဖြစ်နေသည့် အကြောင်းအရာတစ်ခုက  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်နေသည်။

လူငယ်တစ်ယောက်က ကျွန်တော့်ကို မေးသည်။ လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သူတို့လည်း စစ်မှုထမ်းရမှာလား။ စစ်မှုထမ်းရရင် ဘယ်လိုနေရာတွေကို ရောက်မှာလဲ။ ကိုယ့်နယ်မှာပဲကိုယ်တာဝန်ကျမှာလား စသည်ဖြင့် မြောက်မြားလှစွာသောမေးခွန်းများ ဖြစ်သည်။

ကောင်လေးကိုကြည့်လိုက်တော့ အရောင် ဆိုးလွယ်သည့် အဖြူထည်လေး။ အသက်က အလွန်ဆုံးရှိလှ ၁၇ နှစ်။ ကျန်တဲ့လူငယ် များက သူ့ထက်ကြီးသူများသာဖြစ်သည်။ ဒီအချိန်မှာ သူတို့ကို အမှန်အတိုင်းပြောပြထားမှ သင့်လျော်မည်ဟု တွေးမိသည်။

သို့မဟုတ်ပါက အများပြောစကားကြားမှာ သတင်းအမှားများဖြင့် တလွဲဆံပင်ကောင်း သွားနိုင်သည်။

အရင်ဆုံးသူ့ကို  ရှင်းပြဖြစ်သည်က ပြည်သူ့ စစ်မှုထမ်းဥပဒေအကြောင်းဖြစ်သည်။

နောက်တော့ ဘယ်လိုနေရာတွေမှာ တာဝန်ထမ်းဆောင်ရနိုင်မလဲဆိုတဲ့အကြောင်းကို ဆက်ပြီးပြောပြဖြစ်သည်။ ပြီးတဲ့အခါ တပ်မတော်သားဖြစ်သွားပြီဆိုသည်နှင့် ပြည်သူများ၏ချစ်ခင်လေးစားဂုဏ်ယူမှုကို ရရှိနိုင်သည့် အကြောင်းများ ပြောပြလိုက်သည်။

ထိုလူငယ်လေးကို ရှင်းပြဖြစ်သည့်အကြောင်းအရာများကို မသိသေးသော စာချစ်သူများကိုယ်တိုင်လည်း နားလည် သိရှိအောင်၊ ကိုယ့်အနီးဝန်းကျင်က လူငယ် တွေကိုလည်း တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ပြန်လည်မျှဝေနိုင်အောင်ရည်ရွယ်ပြီး ကျွန်တော်က ဒီဆောင်းပါးလေးကိုရေးသား လိုက်ရခြင်းဖြစ်သည်။

အရင်ဆုံးပြောရမည်က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို တော်တော် များများလည်း သိရှိပြီးဖြစ်မည်ထင်သည်။ သို့သော် အနည်းငယ်ထပ်ရှင်းပြပါရစေ။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ ကျွမ်းကျင်သူဖြစ်လျှင်အသက် ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၃၅ နှစ်အထိက စစ်မှုထမ်းရန်အကျုံးဝင်သူများဖြစ်သည်။

သို့သော် စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်ရောက်ရှိပြီး    သူတိုင်းလည်း ချက်ချင်းကြီးစစ်မှုထမ်းရခြင်းမဟုတ်ပေ။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း အစရှိသည့် အဆင့်ဆင့်ရွေးချယ်အတည်ပြုမှုနှင့်သာ ပြည်သူ့စစ်မှုထမ်းရန်ရွေးချယ် ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်၊  လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် ရသူများလည်း ရှိသည်။

အခုဆိုလျှင်  ပြည်သူ့စစ်မှုထမ်းများအတွက် သင်တန်းအပတ်စဉ်အားဖြင့် အမှတ်စဉ် (၂) ကိုဖွင့်လှစ်နိုင်ပြီဖြစ်ကာ မိမိသဘောအလျောက် ဆန္ဒပြုသည့် ပြည်သူ့ စစ်မှုထမ်းများစွာကိုလည်း   မွေးထုတ်ပေးနိုင်ရေး လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။

အဆိုပါ သင်တန်းများမှ မွေးထုတ်ပေးလိုက်သည့်   သင်တန်းသားများဖြစ်စေ၊ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းလိုသည်ဟု စာရင်းပေးသွင်းကာ အခြေခံစစ်ပညာသင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားများဖြစ်စေ၊ မည်သည့်နည်းဖြင့် မဆိုတပ်မတော်အတွင်းသို့ ဝင်ရောက်လာသူတိုင်းသည် သက်ဆိုင်ရာသင်တန်းများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်   သစ္စာလေးချက်ကိုဦးထိပ်ပန်ဆင်သော၊ နိုင်ငံတော် အပေါ်သစ္စာစောင့်သိရိုသေသော တပ်မတော် သားများအဖြစ် ပေါ်ထွန်းလာတော့မည် ဖြစ်သည်။

တပ်မတော်သားများပီပီ မြန်မာနိုင်ငံကို ကိုယ့်အိမ်ကိုယ့်ရာဟူ၍ သဘောထားကာ မည်သည့်နေရာကမျှ လုံခြုံရေးစည်းကျိုးပေါက်မှုမရှိစေရန် ကျရာနေရာမှ ကာကွယ်ပေးရမည့် တာဝန်နှင့်ဝတ္တရားလည်းရှိသည်။

တပ်မတော်ထဲတွင်   တိုင်းရင်းသားပေါင်းစုံရှိသည်။ မြန်မာနိုင်ငံမြောက်ဖျား စွန်းမှနေ၍ တပ်မတော်ထဲ ဝင်လာသည့် တိုင်းရင်းသားများသည်လည်း မြန်မာနိုင်ငံ တောင်ဖျားစွန်းတွင် တာဝန်ထမ်းဆောင်နေကြသည်။ အရှေ့ဖျားစွန်းမှ တိုင်းရင်းသားများသည်လည်း အနောက်ဖျားစွန်းတွင် တာဝန်ထမ်းဆောင်နေကြသည်။

ဆိုလိုသည်က တပ်မတော်သားတိုင်းသည် မည်သည့်နေရာ၊ မည်သည့်ဒေသတွင်မဆို ပေးအပ်သော တာဝန်များနှင့် ထမ်းဆောင်ရမည့် ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ ဒီလိုမျိုးထမ်းဆောင်ကြ သည့်အတွက်လည်း တပ်မတော်သားများသည် ဘယ်နေရာရောက်ရောက် ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ဆွေမျိုးဆီကို အလည်အပတ်သွားသကဲ့သို့ပင် ခံစားရစေမည်ဖြစ်သည်။

ကျွန်တော့်ကို မေးသည့်လူငယ်လေး၏ အဖြေကိုတော့ စကားလုံးကြီးများသုံးပြီး မရှင်းပြဖြစ်။  အထူးသဖြင့် လူငယ်တွေနားလည်လွယ်အောင် ဥပမာလေးများဖြင့်သာ ရှင်းပြဖြစ်သည်။ ကျွန်တော့်ရဲ့ ဥပမာကတော့ အိမ်အကြောင်းပင်ဖြစ်သည်။

ကျွန်တော်တို့တစ်တွေဟာ   မိသားစုနှင့်ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်း ဖြစ်စေ နေထိုင်ကြရသည့်နေရာကို အိမ်ဟုသတ်မှတ်ထားခြင်း ဖြစ်သည်။ အိမ်ဆိုတာ ဖြစ်လာလျှင်  ကိုယ့်အိမ်ကိုကိုယ်တိုင် ကာကွယ် စောင့်ရှောက်ကြရစမြဲပင်။ ဒီလိုကာကွယ်စောင့်ရှောက်ကြရာမှာ အဖေကတော့ အိမ်ရှေ့ကနေကာကွယ်၊ သားအကြီးက အိမ်နောက်ကနေကာကွယ်၊ သားအလတ်နှင့်သမီးငယ်က အိမ်ဘေးတစ်ဖက်တစ်ချက်စီကနေ ကာကွယ်ရမယ်လို့ ပုံသေနေရာများသတ်မှတ်မထားနိုင်။ အလျဉ်းသင့်သလို    နေရာအစုံသွား၍ ကာကွယ် ရမည်ပင် ဖြစ်သည်။ မည်သည့် အတွက်ကြောင့်ဟုဆိုသော် ကိုယ့်အိမ်၏လုံခြုံရေး ဖြစ်နေသည့် အတွက်ပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသော တိုင်းရင်းသားပြည်သူများအားလုံးသည် မြန်မာနိုင်ငံဟူသော အိမ်ကြီးအတွင်းမှ မိသားစုဝင်များ သာဖြစ်သည်။ မိသားစုဝင်ဖြစ်သည်နှင့်အညီ ကိုယ့်အိမ်ဖြစ်သည့်  မြန်မာနိုင်ငံကြီး၏ ဘေးကင်းလုံခြုံရေးအတွက် နေရာပေါင်းစုံထောင့်ပေါင်းစုံမှနေ၍ ကျရာတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ထို့အတူ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်အတွင်းဝင်ရောက်လာသည် ဖြစ်စေ၊ မိမိသဘောဆန္ဒ အလျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းသည်ဖြစ်စေ၊ အားလုံးက စစ်သားများသာဖြစ်သည်။ စစ်သားမှန်လျှင်   တာဝန်ပေးအပ်ရာ နေရာမှာ ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရစမြဲ ဖြစ်သည်။

ယခုလက်ရှိ ရှေ့တန်းစစ်မြေပြင်တွင် ရှိနေသော တပ်မတော်သားများသာမက ရှေ့တန်းနေစစ်သည်များအတွက် လိုအပ်သည့် ကိစ္စအ၀၀ကို ဆောင်ရွက်ပေးနေသော နောက်တန်းဌာနချုပ်နေ စစ်သည်များ အားလုံးသည်လည်း တစ်နယ်တစ်ရပ် တစ်ကျေးမှနေ၍ လာရောက်တာဝန်ထမ်းဆောင်ကြသူများသာဖြစ်သည်။

မိသားစုဝင်မှန်လျှင်   ကိုယ့်အိမ်ကိုကိုယ်မခွဲချင်သူများသာဖြစ်သည်။  မိသားစုသိုက်သိုက်ဝန်းဝန်း နေချင်ကြ သူများသာ ဖြစ်သည်။ ထိုသို့သော တပ်မက်ဖွယ်အရာများအပေါ် စွန့်လွှတ်နိုင်သူများကို မြင့်မြတ်သူများဟု ခေါ်ဆိုရမည်ဆိုလျှင် လူပုဂ္ဂိုလ်များထဲတွင် တပ်မတော်သားများက ထိပ်ဆုံးက ပါဝင်မည်ဖြစ်သည်။

တပ်မတော်သားများသည် မိသားစုနှင့်ခွဲပြီး တစ်နယ်တစ်ကျေးမှာ သွားရောက်တာဝန်ထမ်းဆောင်ကြသည်။ ဒီလိုတာဝန်ထမ်းဆောင်ရာမှာ မိသားစုသိုက်သိုက်ဝန်းဝန်း နေလိုသောဆန္ဒကို စွန့်လွှတ်ထားကြသည်။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် သတ္တဝါတိုင်းလိုချင်တပ်မက်ပါသည်ဆိုသော အသက်ကိုတောင်မှစွန့်လွှတ်ထား ကြသူများဖြစ်သည်။

ဒါကြောင့် မည်သို့သောအကြောင်းရင်းကြောင့်ဖြစ်စေ တပ်မတော်အတွင်း ဝင်ရောက်လာပြီဆိုလျှင် တပ်မတော်သား ဖြစ်သွားပြီဖြစ်ပြီး စစ်သားစိတ်လည်းဖြစ် ပေါ်လာရပြီဖြစ်သည်။ ဒီလိုစစ်သားစိတ်နှင့် ရောက်ရာနေရာမှာ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားဝံ့သော  ပြည်သူ့သား ကောင်းများတစ်ဖြစ်လဲ    သူရဲကောင်းများကို ကျွန်တော်တို့ပြည်သူများက အစဉ် လေးစား ဂုဏ်ယူနေရခြင်း ဖြစ်ပေတော့သည်။

ကျွန်တော့်ထံမှစကားဆုံးသွားပြီးနောက် လူငယ်တစ်သိုက်သည်လည်း တစ်ယောက်ပခုံးတစ်ယောက်ဖက်လျက် ကိုယ်စီအိမ်သို့ ပြန်သွားကြသည်။ သူတို့၏ အတွေးထဲမှာတော့ ပြည်သူများ လေးစားဂုဏ်ယူရသည့် တပ်မတော်သားဘဝကို ပုံဖော်နေကြပြီဆိုသည်ကို သူတို့၏ မျက်ဝန်းများမှတစ်ဆင့် တွေ့မြင်လိုက်ရသည်။

လူငယ်များမရှိတော့မှ  ကျွန်တော်ကိုယ်တိုင်လည်း ခံစားချက်တစ်ခုကို နှစ်နှစ်ကာကာရရှိခံစားမိလိုက်သည်။ ပြည်သူကြားပေါက်ဖွားလာတဲ့ ပြည်သူ့သားကောင်းတပ်မတော်သားဆိုတာ သူမတူတဲ့ စွန့်လွှတ် အနစ်နာခံမှုနှင့်အတူ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့်   လေးစားဂုဏ်ယူမှုကို ရရှိနေကြသူများပါတကား ဟုခံစားနေမိခြင်းပင် ဖြစ်ပေတော့သည်။   

ထက်မြက်