ပညာပန်းများပွင့်လန်းဖို့ ကျောင်းအပ်ကြပါစို့

 

ပညာပန်းများပွင့်လန်းဖို့ ကျောင်းအပ်ကြပါစို့

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု၊ အုပ်ချုပ်မှုစွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ KG မှ  Grade 12 အထိ တန်းစေ့စနစ်သစ်သင်ရိုးပြည့်ဖြင့် စတင်သင်ကြားနိုင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် Grade+12 ကို တန်းစေ့စနစ်သစ်ပညာရေး သင်ရိုးဖြင့် ဒုတိယပညာသင်နှစ်အဖြစ် ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။ အဆင့်ဆင့်သော အခြေခံပညာ ကျောင်းများတွင်လည်း လိုအပ်သောအဆောက်အအုံများကို ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် နှစ်စဉ်လိုအပ်မည့် ကျောင်းသုံးစာရေးခုံထိုင်ခုံနှင့် ပရိဘောဂများ၊ စာအုပ်စာတမ်းများ၊ မူလတန်းဆင့် ယူနီဖောင်းဝတ်စုံများ၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ၊ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေ (School Improvement  Funds)များ၊ ကျောင်းကျန်းမာရေး အထောက်အပံ့ အစီအစဉ်များနှင့်အတူ ဆောင်ရွက်ထားပြီ ဖြစ်သည်။

စနစ်သစ်အခြေခံပညာရေး သင်ခန်းစာများကို အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေး စနစ်ဖြင့် ဆွေးနွေးသင်ကြားစစ်ဆေးသွားမည်ဖြစ်သည်။အနာဂတ်လူငယ်များ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးနှင့် အလုပ်ခွင်အတွက် ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) လိုအပ်သည်။ သင်ယူမှုအတွက် လိုအပ်သောကျွမ်းကျင်မှုများကို C-5 လုံး (5 C's) ဟု သတ်မှတ်ထားသည်။ ယင်း C-5 လုံးမှာ 1. ပူးပေါင်းဆောင်ရွက်ခြင်း၊ အုပ်စုဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း (Collaboration/  Group  Work)၊ 2. ဆက်သွယ်ပြောဆိုခြင်း(Communication)၊ 3. လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ 4. တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ 5.နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း(Citizenship)တို့ဖြစ်သည်။ ထို C-5 လုံး ကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များကို အုပ်စုဖြင့် လုပ်ငန်းပြီး မြောက်အောင် မြင်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များ မျှဝေခြင်းနှင့် အဖြေရအောင် အတူရှာဖွေတတ်သည့် ကျွမ်းကျင်မှုများ၊  အချင်းချင်းနှုတ်အားဖြင့်  ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်း စသည့် ကျွမ်းကျင်မှုများ၊ ပြဿနာများ၏ အဖြေများကို ရှာဖွေနိုင်ခြင်းနှင့် အမှားပြင်ဆင်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ အတွေးအခေါ် အယူအဆသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်းတတ်ရန် ဘောင်ခတ်ထားသည့် အခြေအနေမှ ပြင်ပသို့ထွက်၍ တွေးခေါ်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ ကျောင်းလူမှု အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့်  ပဋိပက္ခဖြေရှင်းမည့် စိတ်ဓာတ်ရှိခြင်း ကျွမ်းကျင်မှုများ   ရရှိမည်ဖြစ်သည်။

အခြေခံပညာကျောင်းများ အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနက စီမံဆောင်ရွက်မှုများ အဆင်သင့်ပြုလုပ်ထားပြီဖြစ်သည်။ ထိုသို့စီမံဆောင်ရွက်မှုများတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေး စီမံချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ဆောင်ရွက်လျက် ရှိသည်။ ဇွန်လ ၃ ရက်တွင် နယ်မြေအေးချမ်းသာယာသည့်ဒေသရှိ အခြေခံပညာ ကျောင်းအားလုံးဖွင့်လှစ်သင်ကြားနိုင်ရန် အဆင့်ဆင့် တာဝန်ယူဆောင်ရွက်နေသည်။

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရည်ဖွံ့ဖြိုးမှုတိုးတက်မှုအပေါ်တွင် များစွာမူတည်သည်။ ပညာမြင့်မှ လူမျိုးတင့်မည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ပညာမြင့်ရန် ပညာရေး၏ နိဒါန်းအစဖြစ်သော အခြေခံပညာရေးမှစ၍ စနစ်တကျ မြှင့်တင်ဆောင်ရွက်နေသည်။ ကျွန်ုပ်တို့နိုင်ငံ၏ မျိုးဆက်တစ်ခုလုံး ပညာရည်မြင့်မားမှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံလူ့ဘောင်ကို ဖော်ဆောင်နိုင်ပေမည်။ တစ်မျိုးသားလုံး ပညာရည်မြင့်မားအောင်ဆောင်ရွက်ရာ၌ အခြေခံပညာရေးသည် ပဓာနကျသည်။ အခြေခံပညာရေးသည်  ပညာရေး အဆောက်အအုံကြီး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြေခံပညာရေးအုတ်မြစ်ခိုင်မာတောင့်တင်းမှသာ  တစ်သက်တာပညာရေး အဆောက်အအုံကြီး တိုးတက်ကောင်းမွန်နိုင်ပေသည်။ အစကောင်းမှ  အနှောင်းသေချာ ဆိုသကဲ့သို့ အခြေခံပညာရေး ပြည့်ဝကောင်းမွန်အောင် နိုင်ငံတော်အစိုးရ၊ ဆရာ၊ဆရာမ၊  မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာရေးကို တိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပေမည်။ တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဆိုသကဲ့သို့  အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းကြမည် ဆိုလျှင်အခြေခံပညာကဏ္ဍ ပညာရေး ရည်မှန်းချက်များ အောင်မြင်တိုးတက်လာမည်ဖြစ်သည်။

ပညာနှင့်ပတ်သက်၍ မြန်မာအဘိဓာန်၌ ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟူ၍ ပညာကို ဖွင့်ဆိုထားသည်။ စာသည် ပညာမဟုတ်သော်လည်း စာတတ်မှသာ ပညာရပ်များကို လေ့လာသင်ယူနိုင်သည်။ အသိပညာ၊ အတတ်ပညာများကို လိုသလို လေ့လာနိုင်သည်။ ထိုသို့လေ့လာသင်ယူနိုင်မှ အသိပညာ၊ အတတ်ပညာများ မြင့်မားတိုးတက်လာမည်။

အသိပညာ မြင့်မားသည်နှင့် အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည်။ မှန်ကန်သော အတွေးအခေါ်နှင့်မှန်ကန်သောလုပ်ရပ်ကို  လုပ်ကိုင်နိုင်သည်။

ထို့ကြောင့် အခြေခံပညာရေးတွင် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်များ(စာပေများ)သည် ကျောင်းသား၊ ကျောင်းသူတိုင်းမဖြစ်မနေ သင်ယူရမည့် ဘဝလိုအပ်ချက်များ ဖြစ်သည်။ ပညာတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များသည် ပညာမတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များနှင့်မတူနိုင်ပေ။   ပညာတတ်သူသည် အကြောင်းကိစ္စတစ်ခုကို တွေ့ကြုံရင်ဆိုင်ရသည့်အခါ အခြေအမြစ်ကျကျ လေ့လာ၍ စဉ်းစားတွေးခေါ်သည်။

၎င်းမှရရှိသည့် အချက်အလက်အတွေးအခေါ်များအပေါ် မူတည်၍ အမှန်အမှားခွဲခြမ်း စိတ်ဖြာသည်။ အမှန်အမှား ခွဲခြားပြီးနောက် အမှားကိုပယ်ပြီး အမှန်လမ်းစဉ်အတိုင်း လျှောက်လှမ်း၍ မှန်သောအလုပ်များကို လုပ်ကိုင်သည်။ ထို့ကြောင့် ထိုသူ၏ဘဝသည် တိုးတက်မြင့်မားလာသည်။ ပညာမတတ်သူသည် အကြောင်းကိစ္စမှန်သမျှကို ဂဃနဏ မစဉ်းစားမတွေးခေါ်နိုင်။ ထိုသို့မတွေးခေါ်နိုင်သဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း၊  ဆုံးဖြတ်နိုင်စွမ်းမရှိချေ။

ထို့ကြောင့် အရာရာကို စဉ်းစားတွေးတောဆင်ခြင်မှုမလုပ်တော့ဘဲ ဆင်ကန်းတောတိုးပြုမူ လုပ်ကိုင်သည်။ ဟုတ်လေနိုးနိုး  မှန်လေနိုးဖြင့် မှန်းဆရမ်းရော်လုပ်ကိုင်၍ အလွဲလွဲအမှားမှားတို့ဖြစ်ကာ အောင်မြင် တိုးတက်သော ဘဝကိုမရချေ။

မိဘတို့သည်  သားသမီးတို့ကိုမွေးဖွားပေးရုံ၊ ကျွေးမွေးစောင့်ရှောက်ပေးရုံနှင့်တာဝန်မကျေပါ။ မိမိ၏ သားသမီးကို လိမ္မာယဉ်ကျေးအောင်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံအောင် လမ်းညွှန်သင်ကြားပေးနိုင်ရမည်။ တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာအရည်အသွေးမြင့်မားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင်သူ ဖြစ်အောင် သင်ယူလေ့ကျင့်စေရမည်။ ထိုသို့ သင်ယူလေ့ကျင့်နိုင်ရန် အခြေခံကျသော ပညာရေးသည် အလွန်အရေးပါသည်။ ပညာမတတ်လျှင်အတွေးအခေါ်၊ အလုပ်အကိုင် စနစ်ကျမှန်ကန်မှုမရှိနိုင်။ ထို့ကြောင့် ပညာရယူနိုင်မှု၏ နည်းလမ်းအခြေခံဟု ဆိုနိုင်သော အခြေခံပညာရေးကို သင်ယူတတ်မြောက် နိုင်အောင် မိမိ၏သားသမီးကို အချိန်မီကျောင်းပို့နိုင်ရေးသည် မိဘတိုင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ အခြေခံပညာကျောင်းများသို့ အပ်နှံသင်ကြားနိုင်ရေးအတွက် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်အစိုးရက များစွာကူညီထောက်ပံ့ပေးလျက်ရှိသည်။ အခြေခံပညာကဏ္ဍ၏ ပညာရေးအဆောက်အအုံ လိုအပ်ချက်များ၊ စာအုပ်စာတမ်းနှင့်စာရေးကိရိယာများ၊ ကျောင်းအလိုက်ပညာရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ပထမအကြိမ်၊ ဒုတိယအကြိမ်ဟူ၍ ပညာသင်နှစ်တစ်နှစ်လျှင်နှစ်ကြိမ်  ခွဲခြားသတ်မှတ်ပေးအပ် ထောက်ပံ့လျက်ရှိရာ ဆင်းရဲချမ်းသာလူတန်းစားမရွေး အခြေခံပညာကို သင်ယူနိုင်ပေသည်။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနိုင်ရန် စီမံထားခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူတိုင်း မပူမပင် မကြောင့်မကြ တက်ရောက်သင်ယူနိုင်သည်။

နိုင်ငံတော်က မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ယခုနှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်  သတ်မှတ်ပေးထားသည်။ ထို့ကြောင့် အုပ်ထိန်းသူမိဘတို့၏ တာဝန်မှာ မိမိတို့၏သားသမီးများ အနာဂတ်အရေးကို တွေးခေါ်မြော်မြင်လျက်  မှန်ကန်သောအသိအမြင်များနှင့်အချိန်မီ ကျောင်းအပ်နှံ၍ ပညာသင်ကြားစေရန်သာ ရှိပေသည်။

မြန်မာနိုင်ငံ  နယ်ချဲ့တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့စဉ်က မြန်မာ့ပညာရေးကို ဖိနှိပ်ခံခဲ့ရသည်။ ပညာသင်လိုသူတိုင်း ပညာသင်ခွင့်မရှိပေ။

နယ်ချဲ့တို့ကလည်း မြန်မာတို့ ပညာတတ်မည်ကိုမလိုလားပေ။ ပညာတတ်၍ အသိဉာဏ်ပွင့်လင်းလာပါက မိမိတို့ကို ပြန်လည်ခုခံခြင်း၊ ဖိနှိပ်အုပ်ချုပ်မရခြင်းတို့ဖြစ်မည်ကို   နယ်ချဲ့တို့ သိသောကြောင့် ဖြစ်သည်။ သို့သော်လည်း မျိုးချစ်မြန်မာတို့က အမျိုးသားကျောင်းများ တည်ထောင်၍ပညာသင်ခဲ့ကြသည်။ ပညာတတ်မှ သူ့လက်အောက်မကျမည်ကို မြန်မာတို့ကောင်းကောင်း သိခဲ့ကြသည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသားတိုင်း ပညာသင်ကြားနိုင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းတွင်တွေ့နိုင်သည်။ ယနေ့အချိန်တွင်လည်း ပြည်တွင်းပြည်ပအဖျက်သမားများက ကျောင်းများ မဖွင့်နိုင်အောင်၊ ကလေးသူငယ်များ ထိတ်လန့် ကြောက်ရွံ့အောင် မမှန်မကန် ကောလာဟလသတင်းများဖြန့်၍ ကျောင်းမတက်စေရန်၊ ကလေးအများစု ကျောင်းမရောက်စေရန်  ဖန်တီးလှုံ့ဆော်လျက်ရှိသည်။ နိုင်ငံတော်ကလည်း ပညာသင်ကြားရေးကို ခြိမ်းခြောက်လျက်ရှိသော အဖျက်ရန်မှန်သမျှကို တပ်မတော်နှင့် ပြည်သူလက်တွဲလျက် ချေမှုန်းဖယ်ရှား လျက်ရှိသည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှုရရှိကာ ပညာရေးနှင့် အခြားလူမှုစီးပွားရေး ပုံမှန်လည်ပတ်နိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ မိဘပြည်သူများသည် အဖျက်သမားများ၏  ဖျက်လိုဖျက်ဆီးဉာဏ်ဖြင့် ကောလာဟလထုတ်လွှင့်ခြင်း၊ ပညာသင်ကြားရေး နှောင့်နှေးအောင် ပြုမူကြံစည်ခြင်းတို့ကို စည်းလုံးညီညွတ်သော အသိ၊ တွေးခေါ်မြော်မြင်တတ်သော အသိတို့ဖြင့်ထိုးဖောက်ကာ မပျက်မကွက်ပညာသင်ကြားနိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရပေမည်။

မကြာမီကာလတွင် ဝသန်ကာလ မိုးဦးကျအချိန်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။  မုတ်သုံမိုးများလည်း အေးချမ်းအောင် ဆွတ်ဖျန်းရွာသွန်းတော့မည်ဖြစ်သည်။ မိုးရေဆွတ်ဖျန်းမှုကြောင့် သစ်ပင်ပန်းမာလာတို့သည် ရွက်နုရွက်သစ်များ အစီအရီ ထွက်လာကြတော့မည်ဖြစ်သည်။ မကြာမီ အရောင်အသွေးစုံသော၊ ရနံ့သင်းသော ပန်းကလေးများအဖြစ် ဖူးပွင့်လာကြတော့မည်ဖြစ်သည်။ ထို့အတူ အနာဂတ်၏ လောကအလှကို ဆင်ယင်ပေးမည့်ပန်းကလေးများဖြစ်သည့် ကျွန်ုပ်တို့၏ရင်သွေးငယ်တို့သည်လည်း သြဇာနို့ရည်ဖြစ်သော ပညာရည်နို့များ  သောက်စို့ခွင့်ရကာ အလှဆုံးပန်းကလေးများအဖြစ် ရှင်သန်ဖူးပွင့်လာကြပေတော့မည်ဖြစ်ရာ အဖျက်အမှောင့်ပိုးမွှားများ ကင်းရှင်းစွာရှင်သန်ဖူးပွင့်လာနိုင်စေရန်  အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် မိဘဆရာ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းအားဖြည့်ကူညီ၍ လှုပ်ရှားဆောင်ရွက်ကြပါစို့ဟု နှိုးဆော် တိုက်တွန်းလိုက်ရပေသည်။    ။

ကိုးကား

၁။ ပညာရေးဌာန ညွှန်ကြားချက်များ။

၂။ ကျောင်းအပ်နှံရေး စီမံချက်များ။