မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ နိုင်ငံအဖြစ် တည်ရှိနေမည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
လူအချင်းချင်းဆက်ဆံရာတွင် လည်းကောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရာတွင် လည်းကောင်း ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးရှိနေခြင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးဖြစ်သည်။ လောကတွင် မိတ်ဆွေကောင်း ရှိနေခြင်းသည် အလုံးစုံသော ဆောင်ရွက်ဖွယ်ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ နှစ်ပေါင်းများစွာ ရှည်ကြာလှသည့် အိမ်နီးချင်းကောင်း ဆက်ဆံရေးရှိထားသည့် နိုင်ငံများဖြစ်သည်။ တရုတ်စကားပုံ တစ်ခုတွင် ‘‘အဝတ်အစားသစ်လျှင် အကောင်းဆုံးဖြစ်၍ မိတ်ဆွေဟောင်းလျှင် အကောင်းဆုံးဖြစ်သည်’’ ဟုဆိုပါသည်။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံတို့သည် မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်သည်။ ထိုသို့ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Wang Yi တို့နှစ်ဦးစလုံးက သြဂုတ်လ ၁၄ ရက်ကနေပြည်တော်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေး လိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၁၄ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲ၌ တရုတ်နိုင်ငံဘက်မှ ဆွေးနွေးပြောကြားမှုတွင် ‘‘တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့်ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးစည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကိုထောက်ခံလျက်ရှိကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း အားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းနေသည့်နိုင်ငံဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ ထမ်းဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ အနှစ်ချုပ်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး” ပင်ဖြစ်သည်။ ဦးတည်ချက်(၉)ရပ် နိုင်ငံရေး ဦးတည်ချက်တွင် ‘‘(က)စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ (ခ)တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်းအလေးထား လုပ်ဆောင်ရေး၊ (ဂ) ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက်ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ရေး’’ဟူ၍ နိုင်ငံရေးဦးတည်ချက်(၃)ရပ် ချမှတ်ထားပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေး တည်ငြိမ်မှုရှိမှသာ အခြားသောစီးပွားရေး၊ လူမှုရေးများသည်လည်း တစ်နွယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်အတွက် အကောင်းဆုံးသော အခြေအနေတစ်ရပ်သို့ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေမှုများကို ပူးပေါင်း ဆောင်ရွက်ကြရမည့် အစား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များဖွဲ့စည်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည်မှာ လွန်စွာဆိုးရွားသော လုပ်ရပ်များဖြစ်သည်။ အဲဒီလို မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးH.E.Mr.Wang Yi က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့သည် ဟုသိရှိရပါသည်။ ဒါကိုကြည့်ခြင်းအားဖြင့် အိမ်နီးချင်းကောင်း ပီသမှုကိုပြခြင်းပင် ဖြစ်သည်ဟု သုံးသပ်မိပါသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခြင်းများနှင့် နှစ်နိုင်ငံပြည်သူများမှာလည်း ရင်းနှီးချစ်ကြည်စွာ ကူးသန်းသွားလာလျက် ရှိသည်။ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို စတင်လက်မှတ်ရေးထိုး ခဲ့ကြသည့် နိုင်ငံများဖြစ်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်လျက်ရှိပြီး စျေးကွက်စီးပွားရေး စနစ်ကိုကျယ်ပြန့်စွာ ကျင့်သုံးလျက်ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ (၂ဝ) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး၌ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းရေး၏ အရေးပါမှုနှင့် အထွေထွေ မဟာဗျူဟာ အစီအစဉ်နှင့် စီးပွားရေးစနစ်ပြုပြင် ပြောင်းလဲရေးကို အဓိကအင်ဂျင်အဖြစ်ထားရှိကာ နယ်ပယ်အသီးသီး ပြုပြင်ပြောင်းလဲမှု စီမံကိန်းကြီးကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြက် လုပ်ဆောင်မှုကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသည် အနောက်တိုင်းပုံစံနှင့် သိသိသာသာ ကွဲပြားသည့်အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ တရုတ်နိုင်ငံသည် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုကဏ္ဍတွင် သာလွန်ထူးချွန်သော ရလဒ်များဖြင့် ဦးဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အောင်မြင်သောအတွေ့အကြုံများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ခေတ်မီမှုလမ်းကြောင်း စူးစမ်းရှာဖွေရန်အတွက် အဖိုးတန်လမ်းစများ ဖြစ်သည်။ တရုတ်နိုင်ငံက အဆိုပြုသည့် "Belt and Road Initiative" အဆိုပြု အတူတကွ တည်ဆောက်ရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများစွာ တွင်နက်ရှိုင်းသည့် အကျိုးသက်ရောက်မှု ရှိနေပြီဖြစ်သည်။ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသည့် တွန်းအား ထည့်သွင်းပေးလိုက်ရုံ သာမက ဒေသခံပြည်သူများ အတွက်လည်း လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်ပေးလာခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်း လာအောင်ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန် စီမံကိန်းများသည် အရေးပါသည့် စီမံကိန်းလုပ်ငန်းများဖြစ်သည်။ အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ရှိသည့် သမားရိုးကျစီးပွားရေး ဥပဒေများထက်ပို၍ လွတ်လပ်သော စီးပွားရေးဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသော နေရာဒေသဖြစ်သည်။ များပြားသောဇုန်များ စုပေါင်းထားပြီး လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ ပို့ကုန်လုပ်ငန်းဇုန်၊ စက်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေ၊ မြို့ပြဇုန်များပါဝင် ဖွဲ့စည်းထားသည်။ အဓိကရည်မှန်းချက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်ဖြစ်သည်။
ကမ္ဘာပေါ်တွင် အစောဆုံးနှင့် လူသိအများဆုံး အထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံမှ စီးပွားရေးဇုန်များဖြစ်ပြီး တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ၁၉၈ဝ ပြည့်နှစ်အစောပိုင်း ကတည်းက တည်ထောင်ထားခဲ့သည်။ အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်မှာရှင်ကျန်းဖြစ်ပြီး နှစ်ပေါင်း ၂ဝ အတွင်း ရွာငယ်လေးတစ်ရွာမှာ လူဦးရေ ၁ဝ သန်းကျော်နေထိုင်သည့် မြို့ကြီးဖြစ်အောင် တည်ထောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံကို နမူနာယူ၍ ဘရာဇီး၊ အိန္ဒိယ၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က အထူး စီးပွားရေးဇုန်များ ထူထောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ၂ဝ၂ဝ ပြည့်နှစ်ကတည်းက စီမံကိန်းလုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပြီး ဖြည့်စွက်နောက်ဆက်တွဲ သဘောတူစာချုပ်လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ၂ဝ၂၃ ခုနှစ်ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်နိုင်ခဲ့သည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမှုပမာဏ ကြီးမားစွာဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်းကြီးဖြစ်လာပေမည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို ဆောလျင်စွာ စတင်အကောင်အထည် ဖော်နိုင်သည်နှင့် အမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် များစွာအထောက် အကူပြုလာပေလိမ့်မည်။ အထူးစီးပွား
ရေးဇုန် စီမံကိန်းဖြစ်လာသည်နှင့်အမျှ ကျောက်ဖြူဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆွဲဆောင်နိုင်မည့်စီမံကိန်း ဖြစ်သည်။ နိုင်ငံတော်အတွက် အခွန်ငွေများဖန်တီးကာ ပတ်ဝန်းကျင်ရှိ လုပ်ငန်းများကို မြှင့်တင်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်ပြည်သူ ပြည်သား တစ်ဦးချင်းစီ၏ ဂျီဒီပီကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
စီမံကိန်းစတင်နိုင်ရန် ပြီးစီးသွားသော လုပ်ငန်းစဉ်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ်ဆန်းစစ်ချက်၊ လူမှုအကျိုးစီးပွား ဆန်းစစ်ချက်နှင့်ပတ်သက်၍ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။
စီမံကိန်းနှင့်အတူတွဲဖက်၍ စက်မှုဥယျာဉ် စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်၍ ဒေသခံပြည်သူများအတွက် များစွာအကျိုးများမည်ဖြစ်သည်။ ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေတွင် တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသော နေရာဖြစ်သည်။ စီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာ စေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေနက်ဆိပ်ကမ်းကြီးအဖြစ် နိုင်ငံတကာ အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ကို တိုးတက်ဖြစ်ထွန်းလာမည် ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးH.E. Mr. Wang Yi ၏ ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲတမ်း ထောက်ခံအားပေးနေပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒ(One China Policy) အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက်ရပ်တည်ထောက်ခံ အားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက် ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းပါကြောင်း ကြားသိလိုက်ရသည်မှာ မြန်မာနိုင်ငံအတွက် ဝမ်းသာဖွယ်ပင်ဖြစ်ပါသည်။ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှုထာဝစဉ်ခိုင်မြဲပြီး မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် မှတ်ယူထားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။