ဒဂုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုအားပေး

 

ဒဂုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုအားပေး

 

ရန်ကုန်  ဩဂုတ်  ၁၆

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့်   ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်္ဂလိပ်စာ နှင့် AI နည်းပညာရပ်များကို နားလည် တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ် အတွက်သာမက  နိုင်ငံအတွက်ပါ  အကျိုးဖြစ်ထွန်းစေကြောင်း အားပေးစကား ပြောကြားပြီး အဆောင်နေကျောင်းသား၊ ကျောင်းသူများ  နေထိုင်စား သောက်ရေး ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်္ချာဌာနနှင့်    ဓာတုဗေဒဌာနသို့ ရောက်ရှိပြီး နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍     စာကြည့်တိုက်နှင့် အင်တာနက်ကို ထိရောက်စွာ အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို   အထောက်အကူပြုသည့် ပရောဂျက်များကို စနစ်တကျ လုပ်ဆောင်ကာ ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန်    ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက်    ဒဂုံတက္ကသိုလ် ပရိဝုဏ်အတွင်း သန့်ရှင်းသာယာမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး  ဘွဲ့နှင်းသဘင်ခန်းမရှိ အစည်းအဝေးခန်းတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ ကျောင်းသား၊  ကျောင်းသူများအား  စဉ်းစားတွေးခေါ်မှုကို အားပေးသည့်   နည်းလမ်းများဖြင့် ပညာရပ်နယ်ပယ်ကို အမှန်တကယ်တတ် ကျွမ်းအောင် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် သင်ယူမှု ၀န်းကျင်ကောင်းများ  ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ်၏ဥပဓိရုပ် ကောင်းမွန်‌‌စေရေး၊   တက္ကသိုလ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း    ပြောကြားသည်။

မွန်းလွဲပိုင်းတွင်   ဒုတိယဝန်ကြီးသည် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီရုံးသို့ ရောက်ရှိပြီး အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြဋ္ဌာန်းပြီးသည့် Grade -1 မှ Grade -12 အထိ သင်ရိုးညွှန်းတမ်းများ    ပြန်လည် ဆန်းစစ်မွမ်းမံခြင်း၊ ဘာသာရပ်သင်ကြားမှု နည်းစနစ်များ အကြံပြုခြင်း၊  အကဲဖြတ်စစ်ဆေးခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Dates: 
Saturday, August 17, 2024 - 10:47